YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 17

17
အစ္စရေးဘုရင်ဟောရှေမင်းကြီး
1ယုဒ​ဘုရင်​အာခတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​တွင် ဧလာ​မင်းကြီး​၏​သား​တော်​ဟောရှေ​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို ကိုး​နှစ်​အုပ်စိုး​၏​။ 2သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​သော်လည်း သူ့​အလျင်​ရှိ​ခဲ့​သော​အစ္စရေး​ဘုရင်​တို့​ကဲ့သို့ မ​ပြု​။
3ဟောရှေ​မင်းကြီး​အား အဆီးရီးယား​ဘုရင်​ရှာလမနေဇာ​မင်းကြီး ချီတက်​တိုက်ခိုက်​ရာ ဟောရှေ​မင်းကြီး​သည် သူ​၏​လက်အောက်ခံ​အဖြစ်​ခံယူ​ပြီး အခွန်​ဆက်သ​ရ​လေ​၏​။ 4သို့သော် ဟောရှေ​မင်းကြီး​သည် အီဂျစ်​ဘုရင်​သွာ​မင်းကြီး​ထံသို့ တမန်​များ​စေလွှတ်​ဆက်သွယ်​သည့်​အပြင် အဆီးရီးယား​ဘုရင်​ထံ နှစ်စဉ်​ဆက်သ​ရ​မည့်​အခွန်​ကို​လည်း မ​ဆက်သ​တော့​ဘဲ ပုန်ကန်​ဖို့​လျှို့ဝှက်ကြံစည်​နေ​သည်​ကို အဆီးရီးယား​ဘုရင် သိရှိ​လျှင် အဆီးရီးယား​ဘုရင်​သည် သူ့​ကို​ဖမ်း​ပြီး ထောင်​ထဲ၌ အကျဉ်းချ​ထား​လေ​၏​။ 5ထို့နောက် အဆီးရီးယား​ဘုရင်​သည် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ ဝင်ရောက်​ကျူးကျော်​ပြီး ရှမာရိ​မြို့​သို့ ချီတက်​သွား​၍ မြို့​ကို​သုံး​နှစ်​မျှ​ဝိုင်းရံ​ထား​၏​။
ရှမာရိမြို့ကျရှုံးခြင်း
6ဟောရှေ​မင်းကြီး​နန်းစံ​ကိုး​နှစ်​အကြာ​တွင် အဆီးရီးယား​ဘုရင်​သည် ရှမာရိ​မြို့​ကို​သိမ်းပိုက်​ပြီး အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့​ဖမ်းခေါ်​သွား​ကာ ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ​ဟာဗော်​မြစ်​နား​နှင့်​မေဒိ​မြို့ တို့​၌​နေထိုင်​စေ​၏​။
အစ္စရေးလူမျိုးတို့ ကျရှုံးရသည့်အကြောင်းရင်း
7ဤသို့​ဖြစ်​ရ​ခြင်း​မှာ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​အား အီဂျစ်​ပြည်​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​လက်​အောက်​မှ ထုတ်ဆောင်​လာ​ခဲ့​သော​မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​သောကြောင့်​ဖြစ်​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ကို ကိုးကွယ်​ကြ​၏​။ 8အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော လူမျိုးခြား​တို့​နှင့် အစ္စရေး​ဘုရင်​တို့​ပြုကျင့်​သော​ဓလေ့စရိုက်​များ​နောက်သို့ လိုက်​ကြ​၏​။ 9အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပြီး မဟုတ်မမှန်​သော​အရာ​များ​ကို တိတ်တဆိတ်​လုပ်ဆောင်​ကြ​၏​။ ကင်းစောင့်​ရာ​မျှော်စင်​မှစ၍ ခံတပ်​မြို့​အထိ မြို့ရွာ​ရှိသမျှ​တို့​၌ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို သူ​တို့​အတွက် တည်ဆောက်​ကြ​၏​။ 10ရှိရှိသမျှ​ကုန်း​မြင့်​များ​ပေါ်တွင်​ဖြစ်စေ​၊ စိမ်းလန်း​သော​သစ်ပင်​များ​အောက်​တွင်​ဖြစ်စေ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို စိုက်ထူ​ထား​ကြ​၏​။ 11သူ​တို့​ရှေ့​မှ​ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော​လူမျိုးခြား​များ​ကဲ့သို့ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိသမျှ​တို့​၌ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ မကောင်း​သော​အမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။ 12ထာဝရဘုရား​က “​ဤ​အမှု​ကို မ​ပြု​ရ​”​ဟု တားမြစ်​ထား​သော​ရုပ်တု​ကိုးကွယ်​ခြင်း​အမှု​ကို သူ​တို့​ပြု​ကြ​၏​။ 13ထို့ကြောင့် ထာဝရဘုရား​က ဗျာဒိတ်ရသူ​ပရောဖက်​အပေါင်း​တို့​အားဖြင့် အစ္စရေး​လူမျိုး​နှင့်​ယုဒ​လူမျိုး​တို့​အား “​ဆိုးညစ်​သော​လမ်း​တို့​မှ ပြန်လှည့်​လာ​ကြ​လော့​။ ငါ့​အစေအပါး​ပရောဖက်​တို့​အားဖြင့် ဆင့်ဆို​စေ​သော​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်တရား​အလုံးစုံ​ဖြစ်​သည့် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ကြ​လော့​”​ဟု သတိပေး​တော်မူ​ခဲ့​၏​။
14သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​။ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပင် မ​ယုံကြည်​သော​ဘိုးဘေး​တို့ ခေါင်းမာ#17:14 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သကဲ့သို့ သူ​တို့​လည်း ခေါင်းမာ#17:14 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​ကြ​၏​။ 15ပြဋ္ဌာန်းချက်​များ​၊ ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​များ​၊ သူ​တို့​အား ပြ​တော်မူ​သော​သက်သေခံချက်​များ​ကို စွန့်ပယ်​ကြ​၏​။ မိမိ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့​နောက်သို့​မ​လိုက်​ရ​၊ သူ​တို့​ကဲ့သို့​မ​ပြု​ရ​ဟု ထာဝရဘုရား​မိန့်​တော်မူ​လျက်​နှင့် သူ​တို့​သည် အချည်းနှီး​သော​အရာ​များ​နောက်သို့​လိုက်​ပြီး အချည်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။
16သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သမျှ​သော​ပညတ်ချက်​တို့​ကို စွန့်ပစ်​ပြီး နွားသငယ်​ရုပ်တု​နှစ်​ရုပ်​ကို သွန်းလုပ်​ကြ​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို စိုက်ထူ​ကြ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​ကို ကိုးကွယ်​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ 17သူ​တို့​၏​သား​သမီး​တို့​ကို မီးရှို့​ပူဇော်​ကြ​၏​။ ဂမ္ဘီရအတတ်​၊ ဟူးရားအတတ်​တို့​ကို ဆည်းပူး​ကြ​၏​။ မကောင်းမှု​ပြု​ရန် ကိုယ့်ကိုယ်ကိုယ်​ရောင်းစား​ခြင်း​ဖြင့် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။
18ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ပြင်းစွာ​အမျက်ထွက်​တော်မူ​သဖြင့် ယုဒ​အမျိုးအနွယ်​မှလွဲ၍ ကျန်​အမျိုးအနွယ်​အားလုံး​ကို အထံ​တော်​မှ ဖယ်ရှား​တော်မူ​၏​။ 19ယုဒ​အမျိုး​တို့​ပင်လျှင် သူ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ အစ္စရေး​လူမျိုး​တို့​၏​ဓလေ့စရိုက်​နောက်သို့​လိုက်​၍ ပြုကျင့်​ကြ​၏​။ 20ထို့ကြောင့် ထာဝရဘုရား​က အစ္စရေး​၏​သားစဉ်မြေးဆက်​အားလုံး​ကို စွန့်ပစ်​ပြီး ဒဏ်ခတ်​တော်မူ​၏​။ သူ​တို့​ကို တိုက်ခိုက်လုယက်​သူ​တို့​လက်​သို့ အပ်​ပြီး အထံ​တော်​မှ​နှင်ထုတ်​တော်မူ​၏​။
အစ္စရေးလူမျိုးသမိုင်းအကျဉ်း
21ကိုယ်တော်​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ထဲမှ အစ္စရေး​လူမျိုး​ကို ခွဲထုတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​သည် နေဗတ်​၏​သား​ယေရောဗောင်​ကို မင်းမြှောက်​လိုက်​ကြ​၏​။ ယေရောဗောင်​သည် အစ္စရေး​လူမျိုး​တို့​ကို ထာဝရဘုရား​ထံမှ လမ်းလွဲ​စေ​ပြီး ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​စေ​ခဲ့​၏​။ 22အစ္စရေး​လူမျိုး​တို့​သည် ယေရောဗောင်​မင်း​ပြု​သမျှ​သော​အပြစ်​တို့​ကို​မ​လွှဲ​မ​ရှောင် လိုက်၍​ပြုကျင့်​လေ​၏​။ 23ထာဝရဘုရား​က မိမိ​အစေအပါး​ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အထံ​တော်​မှ​နှင်ထုတ်​ခဲ့​ရ​သည်​အထိ ဖြစ်​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​နေရင်းပြည်​မှ အဆီးရီးယား​ပြည်​သို့ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ ယနေ့​တိုင်အောင်​ထို​ပြည်​တွင် နေ​ကြ​ရ​၏​။
အစ္စရေးပြည်တွင်နေထိုင်သောတိုင်းတစ်ပါးသားများ
24အဆီးရီးယား​ဘုရင်​သည် ဘေဘီလုံ​မြို့​၊ ကုသ​မြို့​၊ အာဝ​မြို့​၊ ဟာမတ်​မြို့​၊ သေဖရဝိမ်​မြို့​တို့​မှ လူ​တို့​ကို ခေါ်လာ​ပြီး အစ္စရေး​အမျိုးသား​တို့​နေရာ ရှမာရိ​မြို့ရွာ​များ​တွင် နေထိုင်​စေ​၏​။ ဤသို့ဖြင့် ထို​သူ​တို့​သည် ရှမာရိ​မြို့​ကို အပိုင်စီး​ထား​ပြီး ရှမာရိ​မြို့ရွာ​တို့​တွင် နေထိုင်​ကြ​လေ​၏​။ 25ထို​သူ​တို့​သည် ထို​မြို့ရွာ​တို့​တွင်​နေထိုင်​ခါစ​၌ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ခြင်း​မ​ရှိ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​ထံ ခြင်္သေ့​ကို​စေလွှတ်​၍ သူ​တို့​ထဲမှ​အချို့​ကို ကိုက်သတ်​စေ​တော်မူ​၏​။ 26ထို​သူ​တို့​က “​အရှင်မင်းကြီး ခေါ်ထုတ်​လာ​ပြီး ရှမာရိ​မြို့​တွင် နေထိုင်​စေ​သော​လူ​တို့​သည် ထို​ပြည်စောင့်​ဘုရား​၏​ဓလေ့ထုံးတမ်း​ကို မ​သိ​ကြ​ပါ​။ ထို့ကြောင့် ထို​ပြည်စောင့်​ဘုရား​သည် သူ​တို့​ထံ ခြင်္သေ့​ကို​စေလွှတ်​ပြီး သူ​တို့​ကို​ကိုက်သတ်​စေ​ပါ​ပြီ​”​ဟူသော​သတင်း​ကို အဆီးရီးယား​ဘုရင်​အား ကြားလျှောက်​ကြ​လျှင်
27အဆီးရီးယား​ဘုရင်​က “​ထို​ပြည်​မှ သင်​တို့​ဖမ်းခေါ်​သွား​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို​လွှတ်​၍ ထို​ပြည်​သို့​ပြန်လာ​နေထိုင်​စေ​ပြီး ထို​ပြည်စောင့်​ဘုရား​၏​ဓလေ့ထုံးတမ်း​ကို သူ​တို့​အား သွန်သင်ပြသ​စေ​လော့​”​ဟု မိန့်ဆို​၏​။ 28ထို့ကြောင့် ရှမာရိ​မြို့​မှ သူ​တို့​ဖမ်းခေါ်​သွား​သော​ယဇ်ပုရောဟိတ်​တစ်​ပါး ပြန်ရောက်လာ​ကာ ဗေသလ​မြို့​တွင် နေထိုင်​ပြီး ထာဝရဘုရား​အား မည်သို့​ကြောက်ရွံ့ရိုသေ​ရ​မည်​ကို သူ​တို့​အား သွန်သင်ပြသ​ပေး​၏​။
29သို့သော် လူမျိုးတိုင်း မိမိ​တို့​၏​ဘုရား​များ​ကို ပြုလုပ်​ပြီး ရှမာရိ​မြို့သား​တို့​တည်​ထား​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ ဝတ်ကျောင်း​တို့​တွင် ထားရှိ​ကြ​၏​။ လူမျိုးတိုင်း မိမိ​တို့​နေထိုင်​ရာ​မြို့ရွာ​တို့​တွင် ထိုသို့​ပြု​ကြ​၏​။ 30ဘေဘီလုံ​မြို့သား​တို့​က သုကုတ်ဗေနုတ်​ဘုရား​၊ ကုသ​မြို့သား​တို့​က နေရဂါလ​ဘုရား​၊ ဟာမတ်​မြို့သား​တို့​က အရှိမ​ဘုရား​၊ 31အာဝ​မြို့သား​တို့​က နိဗဟာဇ​ဘုရား​နှင့် တာတက်​ဘုရား စသည်​တို့​ကို ပြုလုပ်​ကြ​၏​။ သေဖရဝိမ်​မြို့သား​တို့​က မိမိ​တို့​၏​သားသမီး​တို့​ကို သေဖရဝိမ်​ဘုရား​များ​ဖြစ်​သည့် အာဒြမ္မေလက်​နှင့် အာနမ္မေလက်​ဘုရား​တို့​အား မီးရှို့ပူဇော်​ကြ​၏​။ 32သူ​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​သော်လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ​ဝတ်ကျောင်း​တို့​တွင် အမှုဆောင်​ဖို့ သာမန်လူ​တို့​ကို အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​၌ ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​ပြီး သူ​တို့​အဖို့ ယဇ်ပူဇော်​စေ​ကြ​၏​။ 33သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​သော်လည်း ယခင်​နေ​ခဲ့​သော​ပြည်​ရှိ​လူမျိုး​တို့​၏​ဓလေ့ထုံးတမ်း​ကဲ့သို့ပင် သူ​တို့​၏​ဘုရား​အများ​ကို​လည်း ဝတ်ပြု​ကြ​၏​။
34ယနေ့​ထိ​တိုင်အောင် ဓလေ့ထုံးတမ်း​ဟောင်း​များ​အတိုင်း ပြုကျင့်​လျက်​နေ​ကြ​၏​။ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​အလျှင်း​မ​ရှိ​။ အစ္စရေး​ဟု အမည်ရ​သော​ယာကုပ်​၏​သား​တို့​အား ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ဥပဒေသ​များ​၊ ပညတ်ချက်​များ စသည်​တို့​ကို​လည်း မ​လိုက်နာ​ကြ​ပေ​။ 35ထာဝရဘုရား​သည် သူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ခဲ့​စဉ်က သူ​တို့​အား “​အခြား​သော​ဘုရား​များ​ကို ကြောက်ရွံ့​ခြင်း​မ​ရှိ​ရ​။ ထို​ဘုရား​တို့​ကို မ​ကိုးကွယ်​ရ​၊ ဝတ်​မ​ပြု​ရ​၊ ယဇ်​မ​ပူဇော်​ရ​။ 36လက်ရုံး​တော်​ကို​ဆန့်​၍​ကြီးမား​သော​တန်ခိုး​တော်​နှင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ကို​သာ ကြောက်ရွံ့​ရ​မည်​၊ ကိုးကွယ်​ရ​မည်​၊ ယဇ်ပူဇော်​ရ​မည်​။ 37သင်​တို့​အဖို့ ရေးမှတ်​ထား​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ဥပဒေသ​များ​၊ ပညတ်ချက်​များ​ကို အစဉ်အမြဲ​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ အခြား​သော​ဘုရား​များ​ကို မ​ကြောက်ရွံ့​ရ​။ 38သင်​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို မ​မေ့လျော့​ရ​။ အခြား​သော​ဘုရား​များ​ကို မ​ကြောက်ရွံ့​ရ​။ 39သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာလျှင် ကြောက်ရွံ့​ရ​မည်​။ သို့ပြုလျှင် ကိုယ်တော်​သည် ရန်သူ​အပေါင်း​တို့​၏​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​ခဲ့​၏​။
40သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​ဘဲ ဓလေ့ထုံးတမ်း​ဟောင်း​များ​အတိုင်း​သာ ပြုကျင့်​ကြ​၏​။ 41ထို့ကြောင့် ထို​လူမျိုး​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​သော်လည်း သူ​တို့​၏​ရုပ်တု​များ​ကို​လည်း ဝတ်ပြု​ကြ​သေး​၏​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည်​လည်း ယနေ့​တိုင်အောင် ဘိုးဘေး​တို့​ပြုကျင့်​သကဲ့သို့ ပြုကျင့်​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in