YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 13

13
အစ္စရေးဘုရင်ယောခတ်မင်းကြီး
1အာခဇိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​နှစ်ဆယ့်​သုံး​နှစ်​တွင် ယေဟု​မင်းကြီး​၏​သား​တော် ယောခတ်​သည် အစ္စရေး​ပြည်​၌​နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​တစ်ဆယ့်​ခုနစ်​နှစ် စိုးစံ​၏​။ 2သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​များ​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​သော​အပြစ်​တို့​ကို မ​လွှဲ​မ​ရှောင်​ဘဲ ထို​အပြစ်​တို့​နောက်သို့​လိုက်​၏​။ 3ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အမျက်ထွက်​၍ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​လက်ထက်​မှစ၍ ဟာဇေလ​မင်းကြီး​၏​သား​တော် ဗင်္ဟာဒဒ်​၏​လက်ထက်​တစ်လျှောက်လုံး သူ​တို့​၏​လက်အောက်ခံ ဖြစ်စေ​တော်မူ​၏​။
4ထိုအခါ ယောခတ်​မင်းကြီး​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​အား ဆီးရီးယား​ဘုရင်​ဖိနှိပ်​ညှဉ်းဆဲ​သည်​ကို ထာဝရဘုရား မြင်​တော်မူ​သဖြင့် သူ​၏​တောင်းပန်သံ​ကို နားညောင်း​တော်မူ​၏​။ 5အစ္စရေး​လူမျိုး​တို့​အား ကယ်တင်​ပေး​မည့်​သူ​တစ်ဦး​ကို ထာဝရဘုရား ပေါ်ထွန်း​စေ​တော်မူ​သဖြင့် အစ္စရေး​အမျိုးသား​တို့​သည် ဆီးရီးယား​လူမျိုး​လက်​မှ လွတ်မြောက်​၍ ယခင်က​ကဲ့သို့ပင် မိမိ​တို့​အိမ်​တွင် ပြန်လည်​နေထိုင်​ရ​လေ​၏​။ 6သို့သော် သူ​တို့​သည် အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သည့် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ပြု​သော​အပြစ်​မျိုး​ကို မ​လွှဲ​မ​ရှောင်​ဘဲ လိုက်​၍​ပြုကျင့်​ကြ​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သည်​လည်း ရှမာရိ​မြို့​တွင် စိုက်ထူ​လျက်ပင်​ရှိ​နေ​သေး​၏​။ 7ဆီးရီးယား​ဘုရင်​က အစ္စရေး​စစ်တပ်​ကို ဖျက်ဆီး​ပစ်​၍ ကောက်နယ်တလင်း​ရှိ​အမှုန့်​ကဲ့သို့ ဖြစ်စေ​သောကြောင့် ယောခတ်​မင်းကြီး​တွင် မြင်းတပ်သား​အယောက်​ငါးဆယ်​၊ စစ်ရထား ဆယ်​စီး​၊ ခြေလျင်တပ်သား​အယောက်​တစ်သောင်း​မှလွဲ၍ စစ်တပ်​ဟူ၍​ပင် မ​ရှိ​တော့​ပေ​။
8ကျန်ရှိ​နေ​သော ယောခတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​အားလုံး​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#13:8 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 9ယောခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှ#13:9 သို့မဟုတ် “ယဟောရှ”။​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
အစ္စရေးဘုရင်ယဟောရှမင်းကြီး
10ယုဒ​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​သုံးဆယ့်​ခုနစ်​နှစ်​တွင် ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် အစ္စရေး​ပြည်​တွင် နန်းတက်​၍ ရှမာရိ​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။ 11သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​ပြု​သမျှ​အပြစ်​တို့​ကို မ​လွဲ​မ​ရှောင်​ဘဲ လိုက်​၍​ပြုကျင့်​၏​။
12ကျန်ရှိ​နေ​သော ယောရှ#13:12 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ရာ​တွင် အစွမ်းသတ္တိ​ကြီးမား​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#13:12 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 13ယောရှ#13:13 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ ယေရောဗောင်​သည် သူ​၏​ရာဇပလ္လင်​တွင် စံမြန်း​လေ​၏​။
ဧလိရှဲသေဆုံးခြင်း
14ဧလိရှဲ​သည် သေလုမျောပါး​နာမကျန်း​ဖြစ်​နေ​ချိန်​တွင် အစ္စရေး​ဘုရင်​ယောရှ#13:14 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​က သူ့​ထံ​လာ​၍​ငိုကြွေး​လျက် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​၊ အစ္စရေး​မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု ဆို​၏​။
15ဧလိရှဲ​က​လည်း သူ့​အား “​လေး​နှင့်​မြား​ကို ယူ​ခဲ့​လော့​”​ဟု​ဆို​လျှင် သူ​သည် လေး​နှင့်​မြား​ကို​ယူ​ခဲ့​၏​။ 16ထို့နောက် ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​လက်​ကို​လေး​ပေါ် တင်​လော့​”​ဟု​ဆို​လျှင် သူ​လည်း လက်​ကို​လေး​ပေါ်​တင်​၏​။ ထိုအခါ ဧလိရှဲ​က မိမိ​လက်​ကို အစ္စရေး​ဘုရင်​၏​လက်​ပေါ် တင်​၏​။ 17ထို့နောက် ဧလိရှဲ​က “​အရှေ့​ပြတင်းပေါက်​ကို ဖွင့်​လော့​”​ဟု​ဆို​သဖြင့် ပြတင်းပေါက်​ကို​ဖွင့်​လျှင် ဧလိရှဲ​က “​ပစ်​လော့​”​ဟု​ဆို​သဖြင့် ရှင်ဘုရင်​လည်း ပစ်​လိုက်​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​အောင်မြင်​သော​မြား​၊ ဆီးရီးယား​လူမျိုး​ကို​အောင်နိုင်​သော​မြား ဖြစ်​၏​။ သင်​သည် အာဖက်​မြို့​တွင် ဆီးရီးယား​လူမျိုး​တို့​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​လိမ့်မည်​”​ဟု ဆို​၏​။
18တစ်ဖန် ဧလိရှဲ​က “​မြား​တို့​ကို ယူ​ဦး​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း ယူ​၏​။ ထို့နောက် ဧလိရှဲ​က “​ထို​မြား​ဖြင့် မြေကြီး​ကို ရိုက်​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း မြေကြီး​ကို သုံး​ကြိမ်​ရိုက်​ပြီး ရပ်​လိုက်​၏​။ 19ထိုအခါ ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​ကို အမျက်ထွက်​၍ “​သင်​သည် ငါး​ကြိမ်​ခြောက်​ကြိမ်​ရိုက်​သင့်​၏​။ သို့မှ ဆီးရီးယား​ဘုရင်​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​မည်​။ ယခုမှာ ဆီးရီးယား​ဘုရင်​ကို သုံး​ကြိမ်​သာ အောင်နိုင်​လိမ့်မည်​”​ဟု ဆို​၏​။ 20ထို့နောက်တွင် ဧလိရှဲ​ကွယ်လွန်​သွား​သဖြင့် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ နှစ်ဦးပိုင်း​ရောက်​ချိန်​တွင် မောဘ​ဓားပြ​အဖွဲ့​တို့​သည် တိုင်းပြည်​ကို လာရောက်​တိုက်ခိုက်​ကြ​၏​။ 21အစ္စရေး​လူမျိုး​တို့​သည် လူ​တစ်ယောက်​ကို သင်္ဂြိုဟ်​နေစဉ် ထို​ဓားပြ​အဖွဲ့​လာ​နေ​သည်​ကို တွေ့​သဖြင့် အလောင်း​ကို ဧလိရှဲ​၏​သင်္ချိုင်းတွင်း​ထဲသို့ ပစ်ချ​ကြ​လေ​၏​။ ထို​အလောင်း​မှာ ဧလိရှဲ​၏​အရိုး​များ​နှင့် သွား​ထိ​သောအခါ အသက်ပြန်ဝင်​လာ​၍ မတ်တတ်ရပ်​လေ​၏​။
ဘုရားသခင်က အစ္စရေးလူမျိုးကို ကရုဏာသက်တော်မူခြင်း
22ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​သည် ယောခတ်​မင်းကြီး​လက်ထက်​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ခဲ့​၏​။ 23သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကြောင့် သူ​တို့​ကို သနားစုံမက်​၍ ကြည့်ရှု​တော်မူ​၏​။ သူ​တို့​ကို မ​ဖျက်ဆီး​လို​သောကြောင့် ယနေ့​တိုင်အောင် သူ​တို့​ကို ရှေ့​တော်​မှ မ​ဖယ်ရှား​ဘဲ​နေ​တော်မူ​၏​။ 24ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး အနိစ္စရောက်​သောအခါ သူ​၏​သား​တော်​ဗင်္ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 25ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် ခမည်းတော်​ယောခတ်​မင်းကြီး​လက်ထက် တိုက်ပွဲ​ဖြစ်​စဉ် အသိမ်းခံ​လိုက်​ရ​သော​မြို့ရွာ​များ​ကို ဟာဇေလ​မင်းကြီး​၏​သား​တော်​ဗင်္ဟာဒဒ်​လက်​မှ ပြန်လည်​သိမ်းယူ​ခဲ့​၏​။ ယောရှ#13:25 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​သည် ဗင်္ဟာဒဒ်​မင်းကြီး​ကို သုံး​ကြိမ်​အောင်နိုင်​ခဲ့​ပြီး အစ္စရေး​မြို့ရွာ​များ​ကို ပြန်လည်​သိမ်းပိုက်​နိုင်​ခဲ့​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်စတုတ္ထစောင် 13