YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 1

1
အာခဇိမင်းကြီးနာမကျန်းဖြစ်၍ အနိစ္စရောက်ခြင်း
1အာဟပ်​မင်းကြီး အနိစ္စရောက်​သွား​သောအခါ မောဘ​လူမျိုး​သည် အစ္စရေး​လူမျိုး​ကို ပုန်ကန်​၏​။ 2ရှမာရိ​မြို့​တွင် အာခဇိ​မင်းကြီး​သည် နန်းတော်​အထက်ခန်း​လေသာပြတင်းပေါက်​မှ ပြုတ်ကျ​သဖြင့် ဒဏ်ရာ​ရ​၏​။ ထို့ကြောင့် မိမိ​တမန်​တို့​အား “​ငါ​သည် ဤ​ဝေဒနာ​များ​မှ​ပြန်ကောင်း​လာ​မည်​လော​ဟု ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​ကြ​လော့​”​ဟု ဆို​ပြီး စေလွှတ်​လိုက်​၏​။
3ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က တိရှဘိ​မြို့သား​ဧလိယ​အား “​ထ​လော့​။ ရှမာရိ​ဘုရင်​၏​တမန်​တို့​နှင့်​သွား​တွေ့​ပြီး သူ​တို့​အား ‘ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော’​ဟု ပြော​လော့​။ 4ထို့ကြောင့် ထာဝရဘုရား​က ‘​သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​’​ဟူ၍ သူ့​အား မိန့်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။ ဧလိယ​လည်း ထွက်သွား​လေ​၏​။
5တမန်​တို့​သည်​လည်း ပြန်လှည့်​လာ​ကြ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့ အဘယ်ကြောင့် ပြန်လာ​ကြ​သနည်း​”​ဟု မေး​တော်မူ​၏​။
6တမန်​တို့​က​လည်း “​လူ​တစ်​ယောက်​က အကျွန်ုပ်​တို့​ကို လာ​တွေ့​ပြီး ‘​သင်​တို့​ကို​စေလွှတ်​လိုက်​သော ရှင်ဘုရင်​ထံ​ပြန်သွား​၍ သူ့​အား ထာဝရဘုရား​က ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို သွား​မေး​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​ဟု မိန့်​တော်မူ​ကြောင်း ပြန်လျှောက်​လော့​’​ဟူ၍ ဆို​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။
7ရှင်ဘုရင်​က​လည်း “​သင်​တို့​နှင့်​လာ​တွေ့​ပြီး ဤသို့​ပြောဆို​သော​သူ​ကား မည်သို့​သော​သူ​နည်း​”​ဟု မေး​၏​။
8သူ​တို့​က​လည်း “​သူ​သည် အမွေးထူ​၍ ခါး​၌ သားရေ​ခါးပတ်​ကို ပတ်ထား​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​လျှင် ရှင်ဘုရင်​က “​သူ​သည် တိရှဘိ​မြို့သား ဧလိယ ဖြစ်​၏​”​ဟု မိန့်ဆို​၏​။
9ထို့နောက် ရှင်ဘုရင်​က တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို ဧလိယ​ထံသို့ စေလွှတ်​၏​။ တပ်မှူး​က ဧလိယ​နေထိုင်​ရာ တောင်ထိပ်​သို့ တက်သွား​ပြီး “​အို ဘုရားသခင်​၏​လူ​၊ ‘​ဆင်းလာ​ပါ​’​ဟူ၍ ရှင်ဘုရင်​မိန့်မှာ​လိုက်​ပါ​၏​”​ဟု ဆို​၏​။
10ထိုအခါ ဧလိယ​က တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​အား “​ငါ​သည် ဘုရားသခင်​၏​လူ​မှန်​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​ပြီး သင်​နှင့် သင့်​လူ​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပါစေသော​”​ဟု​ဆို​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​လာ​ပြီး တပ်မှူး​နှင့် သူ​၏​တပ်သား​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​လေ​၏​။
11ရှင်ဘုရင်​က​လည်း နောက်ထပ် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို စေလွှတ်​ပြန်​၏​။ တပ်မှူး​က “​အို ဘုရားသခင်​၏​လူ​၊ ‘​မြန်မြန်​ဆင်းလာ​ခဲ့​ပါ​’​ဟူ၍ ရှင်ဘုရင်​မိန့်မှာ​လိုက်​ပါ​၏​”​ဟု ဆို​၏​။
12ဧလိယ​က​လည်း “​ငါ​သည် ဘုရားသခင်​၏​လူ​မှန်​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​လာ​ပြီး သင်​နှင့်​သင့်​လူ​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပါစေသော​”​ဟု​ဆို​လျှင် မိုးကောင်းကင်​မှ​မီး​ကျလာ​ပြီး တပ်မှူး​နှင့် သူ​၏​တပ်သား​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပြန်​၏​။
13ရှင်ဘုရင်​က​လည်း နောက်တစ်ဖန် တတိယ​မြောက် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို စေလွှတ်​ပြန်​၏​။ ထို​တတိယ​မြောက် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး ရောက်လာ​လျှင် ဧလိယ​ရှေ့​တွင် ဒူးထောက်​လျက် “​အို ဘုရားသခင်​၏​လူ​၊ အကျွန်ုပ်​အသက်​နှင့် အရှင့်​အစေအပါး ဤ​တပ်သား​ငါးဆယ်​တို့​၏​အသက်​ကို နှမြော​တော်မူ​ပါ​။ 14ယခင်က ကောင်းကင်​မှ​မီး​ကျ​လာ​ပြီး တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှစ်​ဦး​နှင့် သူ​တို့​၏​တပ်သား​အယောက်​ငါးဆယ်​စီ​တို့​ကို လောင်ကျွမ်း​ခဲ့​ပါ​ပြီ​။ ယခုမှာ အကျွန်ုပ်​အသက်​ကို နှမြော​တော်မူ​ပါ​”​ဟု အသနားခံ​လေ​၏​။
15ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဧလိယ​အား “​သူ​နှင့်​လိုက်သွား​လော့​။ သူ့​ကို မ​ကြောက်​နှင့်​”​ဟု ဆို​သဖြင့် ဧလိယ​လည်း ထ​၍ ထို​သူ​နှင့်အတူ ရှင်ဘုရင်​ထံသို့ လိုက်သွား​လေ​၏​။
16ဧလိယ​က ရှင်ဘုရင်​အား “​ထာဝရဘုရား​က ‘​သင်​သည် တမန်​ကို​စေလွှတ်​၍ ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို မေးမြန်း​စေ​သည်​မှာ အစ္စရေး​ပြည်​၌ မေးမြန်းစရာ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။
17ဧလိယ ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​အတိုင်း အာခဇိ​မင်းကြီး အနိစ္စရောက်​လေ​၏​။ သူ​၌​သား​မ​ရှိ​သောကြောင့် ယဟောရံ​သည် ယောရှဖတ်​မင်းကြီး​၏​သား ယုဒ​ဘုရင် ယဟောရံ​မင်းကြီး​နန်းစံ​နှစ်​နှစ်​တွင် အာခဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။ 18ကျန်ရှိ​နေ​သော အာခဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#1:18 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy