YouVersion Logo
Search Icon

ကောရိန္သုဩဝါဒစာဒုတိယစောင် 6

6
1ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 2အကြောင်းမူကား ကိုယ်တော်​က “ငါ​သည် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​၌ သင်​၏​စကား​ကို​နားထောင်​ပြီ။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ကူညီမစ​ပြီ”#ဟေရှာ 49:8။​ဟု မိန့်​တော်မူ​၏။ ကြည့်ရှု​လော့။ ယခု​ပင် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​ဖြစ်​၏။ ယခု​ပင် ကယ်တင်​ရာ​နေ့ရက်​ဖြစ်​၏။
ပေါလု၏အမှုတော်လုပ်ငန်းဝိသေသလက္ခဏာ
3အမှု​တော်​လုပ်ငန်း​သည် ပြစ်တင်​ဝေဖန်​ခြင်း​မ​ခံရ​စေရန် ငါ​တို့​သည် မည်သည့်​အမှုအရာ​၌​မျှ လူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေ​ဘဲ 4အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊ 5ရိုက်နှက်​ခံရ​ခြင်း​၌​ဖြစ်စေ၊ အကျဉ်းချ​ခံရ​ခြင်း​၌​ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​၌​ဖြစ်စေ၊ ကြိုးပမ်း​အားထုတ်​ခြင်း​၌​ဖြစ်စေ၊ အိပ်ရေးပျက်​ခြင်း​၌​ဖြစ်စေ၊ အစာ​ပြတ်လပ်​ခြင်း​၌​ဖြစ်စေ၊ 6ဖြူစင်​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ စိတ်ရှည်​ခြင်း​၌​ဖြစ်စေ၊ ကျေးဇူးပြု​ခြင်း​၌​ဖြစ်စေ၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၌​ဖြစ်စေ၊ ဟန်ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်စေ၊ 7သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊ 8အသရေ​ရှိ​သည်​ဖြစ်စေ၊ မ​ရှိ​သည်​ဖြစ်စေ၊ ဂုဏ်သတင်း​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ၊ အရာရာ​၌ မိမိ​တို့​ကိုယ်ကို​ဘုရားသခင်​၏​အစေခံ​များ​အဖြစ် ထင်ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်ဖြား​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း ဖြောင့်မှန်​သော​သူ​ဖြစ်​ကြ​၏။ 9အသိအမှတ်​ပြု​ခြင်း​မ​ခံရ​သကဲ့သို့​ဖြစ်​သော်လည်း အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ သေအံ့ဆဲဆဲ​ဖြစ်​နေ​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသက်ရှင်​လျက်​ရှိ​ကြ​၏။ ဆုံးမ​ခြင်း​ကို​ခံရ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသတ်​မ​ခံရ​ကြ။ 10ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။
11ကောရိန္သု​မြို့သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်ပွင့်လင်းလင်း​ပြောဆို​၍ ငါ​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။ 12ငါ​တို့​သည် ကြင်နာ​စိတ်​ကို ကန့်သတ်​ပိတ်ပင်​ထား​သည်​မ​ဟုတ်။ သင်​တို့​က​သာ သင်​တို့​၏​ကြင်နာ​စိတ်​ကို ကန့်သတ်​ပိတ်ပင်​ထား​ခြင်း​ဖြစ်​၏။ 13သို့ဖြစ်၍ သင်​တို့​သည်​လည်း တုံ့ပြန်​သော​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​ကြ​လော့​ဟု ကိုယ့်​သားသမီး​များ​အား​ပြော​သကဲ့သို့ ငါ​ပြော​၏။
ဘုရားသခင်ရှေ့တော်၌ခြားနားခြင်း
14မ​ယုံကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​အကြား​၌ မည်သို့သော​ပတ်သက်​မှု​ရှိ​သနည်း။ အလင်း​နှင့်​အမှောင်​တို့​အကြား​၌ မည်သို့သော​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​သနည်း။ 15ခရစ်တော်​နှင့်​ဗေလျာလ​တို့​အကြား​၌ မည်သို့သော​ကိုက်ညီ​မှု​ရှိ​သနည်း။ ယုံကြည်​သူ​နှင့်​မ​ယုံကြည်​သူ​တို့​အကြား​၌ မည်သို့သော​အကျိုးတူ​ခံစား​မှု​ရှိ​သနည်း။ 16ဘုရားသခင်​၏​ဗိမာန်​တော်​နှင့်​ရုပ်တု​တို့​အကြား​၌ မည်သို့သော​သဘော​တူညီ​မှု​ရှိ​သနည်း။ ဘုရားသခင်​က “ငါ​သည် သူ​တို့​အထဲတွင်​ကိန်းဝပ်​လျက် သူ​တို့​အလယ်၌​သွားလာ​ကာ သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​ဖြစ်​ကြ​လိမ့်မည်”#ဟေဗြဲ 8:10၊ ဗျာ 21:7၊ ဝတ် 26:12၊ ယေ 32:38၊ ယေဇ 37:27။​ဟု မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​သည် အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​၏။ 17“ထို့ကြောင့် ထို​သူ​တို့​အထဲမှ ထွက်​၍ သီးခြား​နေ​ကြ​လော့”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ “ညစ်ညူး​သော​အရာ​ကို မ​တို့​မ​ထိ​နှင့်။#ဟေရှာ 52:11။ ထိုသို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်ခံ​၍ 18သင်​တို့​၏​အဖ​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်”#၂ရာ 7:14။​ဟု အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​ဘုရား​မိန့်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ကောရိန္သုဩဝါဒစာဒုတိယစောင် 6