YouVersion Logo
Search Icon

ကောရိန္သုဩဝါဒစာဒုတိယစောင် 11

11
ပေါလုနှင့်တမန်တော်အတုအယောင်များ
1ငါ​၏​အနည်းငယ်​သော​မိုက်မဲ​မှု​အတွက် ငါ့​ကို​သည်းခံ​စေ​လို​ပါ​၏။ မည်သို့ပင်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​သည်းခံ​ကြ​၏။ 2ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။ 3သို့သော် မြွေ​သည် မိမိ​၏​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်ဖြား#က 3:13။​သကဲ့သို့ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ခရစ်တော်​အပေါ်​၌​ထားရှိ​သော ရိုးသား​ဖြူစင်​ခြင်း​မှ​သွေဖည်​သွား​မည်​ကို ငါ​စိုးရိမ်​၏။ 4အကြောင်းမူကား တစ်စုံတစ်ယောက်​သော​သူ​သည်​လာ​၍ ငါ​တို့​မ​ဟောပြော​ခဲ့​သည့် အခြား​သော​ယေရှု​အကြောင်း​ကို ဟောပြော​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ရရှိ​ဖူး​သော အခြား​ဝိညာဉ်​ကို သင်​တို့​ရရှိ​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ခံယူ​ခဲ့​သော အခြား​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​ခံယူ​လျှင်​ဖြစ်စေ သင်​တို့​သည် ကောင်းစွာ​သည်းခံ​နေ​ကြ​၏။ 5အမှန်စင်စစ် ငါ​သည် ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ဟု ငါ​ထင်မှတ်​၏။ 6ငါ​သည် အဟောအပြော​ပိုင်း​၌ ကျွမ်းကျင်​မှု​မ​ရှိ​လျှင်​ပင် အသိပညာ​ပိုင်း​၌​မူကား ထိုသို့​မ​ဟုတ်​ပေ။ ငါ​တို့​သည် ဤ​အချက်​ကို အရာရာ​၌ နည်း​အမျိုးမျိုး​ဖြင့် သင်​တို့​ထံ ထင်ရှား​စေ​ခဲ့​ပြီ။
7သင်​တို့​ချီးမြှောက်​ခြင်း​ခံရ​ဖို့ရန် ငါ​သည် မိမိကိုယ်ကို​နှိမ့်ချ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား အခမဲ့​ဟောပြော​ခြင်း​ဖြင့် အပြစ်​ကျူးလွန်​ခဲ့​သလော။ 8ငါ​သည် သင်​တို့​အမှု​ကို​ဆောင်ရွက်​ရန် အခြား​သော​အသင်းတော်​များ​ထံမှ စရိတ်​တောင်းယူ​ခြင်း​အားဖြင့် သူ​တို့​ကို​လုယူ​ခဲ့​၏။ 9မာကေဒေါနိ​ပြည်​မှ​လာ​သော ညီအစ်ကို​များ​သည် ငါ​လိုအပ်​သည့်​အရာ​ကို ဖြည့်ဆည်း​ပေး​ခဲ့​သည်​ဖြစ်၍ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် လိုအပ်ချက်​ရှိ​သည့်​အခါ မည်သူ့​အတွက်​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​ပေ။ ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် မိမိကိုယ်ကို အရာရာ​၌​စောင့်စည်း​ခဲ့​သည့်​နည်းတူ နောင်၌​လည်း စောင့်စည်း​ဦး​မည်။ 10ခရစ်တော်​၏​သမ္မာတရား​သည် ငါ​၌​ရှိ​သည်​နှင့်အညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်ယူ​ဝါကြွား​ခြင်း​ကို အခါယ​ပြည်​တစ်လျှောက်​၌ မည်သူမျှ ပိတ်ပင်​၍​ရ​မည်​မ​ဟုတ်။ 11အဘယ်ကြောင့်​နည်း။ ငါ​သည် သင်​တို့​ကို​မ​ချစ်​သောကြောင့်​လော။ ငါ​ချစ်​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။ 12သို့ရာတွင် ငါ​တို့​ကဲ့သို့ ဝါကြွား​စရာ​အကြောင်း​ရှိ​စေ​မည့်​အခွင့်​ကို ရယူ​လို​သော​သူ​တို့​ထံမှ ထို​အခွင့်​ကို​ဖြတ်တောက်​ရန် ငါ​ပြု​နေ​သည့်​အရာ​ကို ဆက်၍​ပြု​ဦး​မည်။
13အကြောင်းမူကား ထို​သူ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အဖြစ် ယောင်ဆောင်​နေ​ကြ​သည့် တမန်တော်​အတုအယောင်​များ၊ လှည့်ဖြား​တတ်​သော​လုပ်သား​များ​ဖြစ်​ကြ​၏။ 14ဤသည်ကား အံ့ဩ​စရာ​မ​ဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်​ပင်​လျှင် အလင်း​၏​ကောင်းကင်​တမန်​အဖြစ် ယောင်ဆောင်​တတ်​၏။ 15သို့ဖြစ်၍ စာတန်​၏​အမှုဆောင်​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​၏​အမှုဆောင်​အဖြစ် ယောင်ဆောင်​ကြ​လျှင် အံ့ဩ​စရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိဂုံး​သည် မိမိ​တို့​ပြု​သော​အမှု​များ​အတိုင်း​ဖြစ်​လိမ့်မည်။
ခရစ်တော်အတွက် ပေါလုခံရသောဆင်းရဲဒုက္ခ
16တစ်ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်မဲ​သော​သူ​ဖြစ်​သည်​ဟု မည်သူမျှ မ​ထင်မှတ်​စေ​နှင့်။ သို့သော် သင်​တို့​သည် ထိုသို့​ထင်မှတ်​ခဲ့​လျှင် ငါ​၌ ဝါကြွား​စရာ​အခွင့်​အနည်းငယ်​ရှိ​စေရန် ငါ့​ကို မိုက်မဲ​သော​သူ​အဖြစ်​ပင် လက်ခံ​ကြ​လော့။ 17ငါ​သည် ဤ​ကဲ့သို့ ရဲရင့်​စွာ​ဝါကြွား​ပြောဆို​ခြင်း​မှာ သခင်​ဘုရား​အားဖြင့် ပြောဆို​သည်​မ​ဟုတ်​ဘဲ မိုက်မဲ​သော​သူ​ကဲ့သို့ ပြောဆို​ခြင်း​ဖြစ်​၏။ 18လူ​များစွာ​တို့​သည် ဇာတိ​သဘော​ဖြင့် ဝါကြွား​ကြ​သည်​ဖြစ်၍ ငါ​သည်​လည်း ဝါကြွား​မည်။ 19အမှန်စင်စစ် သင်​တို့​သည် ပညာ​သတိ​ရှိ​သော​သူ​များ​ဖြစ်​သောကြောင့် မိုက်မဲ​သော​သူ​တို့​ကို ဝမ်းမြောက်​စွာ​သည်းခံ​ကြ​၏။ 20တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။
21ငါ​တို့​သည် ထိုသို့​ပြု​ရန် အားနည်း​ခဲ့​ကြောင်း ရှက်ရွံ့​စွာ​ပင် ငါ​ဝန်ခံ​၏။ သို့သော် တစ်ဦးတစ်ယောက်​သည် တစ်စုံတစ်ခု​သော​အရာ​၌ ဝါကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါကြွား​ဝံ့​သည်​ဟု မိုက်မဲ​စွာ​ငါ​ပြော​၏။ 22သူ​တို့​သည် ဟေဗြဲ​လူမျိုး​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အစ္စရေး​လူမျိုး​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အာဗြဟံ​အမျိုးအနွယ်​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။ 23သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။ 24ငါ​သည် ဂျူး​လူမျိုး​တို့​၏​အချက်​လေးဆယ် တစ်​ချက်​လျော့ ရိုက်နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။ 25ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။ 26မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။ 27ကြိုးပမ်း​အားထုတ်​ခြင်း​နှင့် ပင်ပန်း​ခက်ခဲ​ခြင်း၊ မကြာခဏ​အိပ်ရေးပျက်​ခြင်း၊ အစာငတ်​ခြင်း​နှင့် ရေငတ်​ခြင်း၊ မကြာခဏ အစာ​ပြတ်လပ်​ခြင်း၊ ချမ်းအေး​ဒဏ်​ခံရ​ခြင်း​နှင့် အဝတ်​အချည်းစည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံတွေ့​ခဲ့​ရ​၏။ 28ဤ​ပြင်ပ​မှ ဘေးဒုက္ခ​များ​အပြင် အသင်းတော်​အားလုံး​အတွက် စိုးရိမ်​ပူပန်​ခြင်း​သည်​လည်း နေ့စဉ်​နှင့်အမျှ ငါ့​ကို​ဖိစီး​နေ​၏။ 29တစ်စုံတစ်ဦး​အားနည်း​သည့်အခါ ငါ​သည် အား​မ​နည်း​ဘဲ နေ​နိုင်​မည်လော။ တစ်စုံတစ်ဦး​မှားယွင်း​သည့်အခါ ငါ​သည် ပူပန်​ခြင်း​မ​ရှိ​ဘဲ နေ​နိုင်​မည်လော။
30ငါ​သည် ဝါကြွား​ရ​မည်​ဆိုလျှင် ငါ​၏​အားနည်း​ခြင်း​နှင့်​ပတ်သက်​သော​အရာ​များ​ကို ငါ​ဝါကြွား​မည်။ 31ငါ​မုသား​မ​သုံး​ကြောင်း သခင်​ယေရှု​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​သည့် ဘုရားသခင်​သိ​တော်မူ​၏။ 32ဒမတ်စကပ်​မြို့​တွင် အရေတ​မင်းကြီး​ခန့်ထား​သော​မြို့ဝန်​သည် ငါ့​ကို​ဖမ်းဆီး​ရန်​အတွက် ဒမတ်စကပ်​မြို့​ကို ပိတ်ဆို့​စောင့်ကြပ်​ထား​ခဲ့​၏။ 33သို့သော် ငါ့​ကို တောင်း​ထဲ​ထည့်​၍ ပြတင်းပေါက်​မှ​တစ်ဆင့် မြို့ရိုး​ပေါ်မှ​လျှောချ​ခဲ့​ကြ​သောကြောင့် ငါ​သည် သူ​၏​လက်​မှ လွတ်မြောက်​ခဲ့​ရ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in