YouVersion Logo
Search Icon

ရာဇဝင်ချုပ်ဒုတိယစောင် 7

7
ဆက်ကပ်ခြင်းပွဲတော်
1ထိုသို့ ရှောလမုန်​မင်းကြီး​ဆုတောင်း​ပြီး​သောအခါ ကောင်းကင်​မှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည်​လည်း အိမ်​တော်​ကို ဖုံးလွှမ်း​လေ​၏​။ 2ထိုသို့ ထာဝရဘုရား​အိမ်​တော်​ကို ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ဖုံးလွှမ်း​သဖြင့် ယဇ်ပုရောဟိတ်​တို့​ပင် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ ဝင်​၍​မ​ရ​ချေ​။ 3ဤသို့ မီး​ကျလာ​ခြင်း​၊ အိမ်​တော်​ပေါ်သို့ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ဆင်းသက်​လာ​ခြင်း​တို့​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​မြင်​သောအခါ ဒူးထောက်​၍ ကျောက်ခင်းကြမ်းပြင်​ပေါ်တွင် ပျပ်ဝပ်​လျက် “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​ပါ​၏​၊ မေတ္တာကရုဏာ​တော် အစဉ်​တည်​ပါ​၏​”​ဟု ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​လျက် ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​၏​။
4ထို့နောက် ရှင်ဘုရင်​နှင့်တကွ လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ယဇ်ပူဇော်​ကြ​လေ​၏​။ 5ရှောလမုန်​မင်းကြီး​သည် နွား​ကောင်ရေ​နှစ်သောင်းနှစ်ထောင်​၊ သိုးကောင်ရေ​တစ်သိန်းနှစ်သောင်း​တို့​ကို ယဇ်​ပူဇော်​၏​။ ရှင်ဘုရင်​နှင့် လူထု​အပေါင်း​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဆက်ကပ်​ရာ​တွင် 6ယဇ်ပုရောဟိတ်​တို့​သည် မိမိ​တို့​တာဝန်ကျ​ရာ​နေရာ​တွင် ရပ်​နေ​ရ​၏​။ လေဝိ​အမျိုး​တို့​က​လည်း ဒါဝိဒ်​မင်းကြီး​ရေးဖွဲ့​ခဲ့​သော ထာဝရဘုရား​အား​ချီးမွမ်း​ခြင်း​သီချင်း​ကို ထာဝရဘုရား​ထံ ချီးမွမ်းသီဆို​ရန် တူရိယာ​များ​ဖြင့် ရပ်​နေ​ကြ​၏​။ သူ​တို့​က “​ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​”​ဟု သီဆို​သောအခါ မျက်နှာချင်းဆိုင်​တွင်​ရပ်​နေ​သော ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​များ​ကို​မှုတ်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​မူကား မတ်တတ်ရပ်​လျက်​နေ​ကြ​၏​။ 7ရှောလမုန်​မင်းကြီး​တည်​ထား​သော​ကြေးနီ​ယဇ်ပလ္လင်​၌ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို သန့်ရှင်း​စေ​၍ ထို​နေရာ​တွင်​ပင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။
8ထို​အချိန်​တွင်​ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်​ကြီး​အမြောက်အမြား​နှင့်အတူ ခုနစ်​ရက်​တိုင်တိုင် ပွဲတော်​ကျင်းပ​လေ​၏​။ 9ယဇ်ပလ္လင်​ဆက်ကပ်ပွဲ​ကို ခုနစ်​ရက်​ကျင်းပ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ကျင်းပ​၏​။ ရှစ်​ရက်​မြောက်​သော​နေ့​တွင် ဓမ္မစည်းဝေးပွဲ​ကြီး​ကို ကျင်းပ​၏​။ 10သတ္တမ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် လူ​တို့​ကို မိမိ​တို့​အိမ်​သို့​ပြန်လွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၊ ရှောလမုန်​မင်းကြီး​မှစ၍ မိမိ​လူမျိုး​တော်​အစ္စရေး​အတွက် ထာဝရဘုရား​ပြု​ပေး​သော ကောင်းကျိုးချမ်းသာ​များ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် ပြန်သွား​ကြ​၏​။
11ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် မိမိ​၏​နန်းတော်​ကို​တည်ဆောက်​ရာ​တွင် စိတ်​ထဲ၌​ပေါ်လာ​သမျှ​အတိုင်း တည်ဆောက်​ခဲ့​၏​။ ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​၏​နန်းတော်​တို့​ကို အောင်မြင်​စွာ​တည်ဆောက်​ပြီးစီး​သွား​သောအခါ
ထာဝရဘုရားကိုယ်ထင်ရှားပြခြင်း
12ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား ညအချိန်​ထင်ရှားပြ​တော်မူ​၍ “​သင့်​ဆုတောင်းသံ​ကို ငါ​နားညောင်း​ပြီ​။ ဤ​နေရာ​ကို ငါ့​အဖို့ ယဇ်ပူဇော်​ရာ​အိမ်​အဖြစ် ငါ​ရွေးချယ်​ပြီ​။ 13ငါ​သည် မိုးကောင်းကင်​ကို​ပိတ်​ထား​ပြီး မိုးခေါင်​စေ​သောအခါ​၊ ပြည်ထွက်သီးနှံ​ကို​ဝါးမျို​ရန် နှံကောင်​များ​ကို အမိန့်ပေး​သောအခါ​၊ ငါ့​လူမျိုး​တော်​တို့​တွင် ကပ်ဘေး​ကျရောက်​စေ​သောအခါ​၊ 14ငါ့​နာမ​ဖြင့်​သမုတ်​သော​ငါ့​လူမျိုး​တော်​တို့​သည် မိမိ​တို့​၏​ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​ပြီး ကိုယ်​ကို​နှိမ့်ချ​လျက် ငါ့​မျက်နှာ​ကို​ရှာ​ပြီး ဆုတောင်း​လျှင် ကောင်းကင်ဘုံ​မှ ငါ​နားညောင်း​မည်​။ သူ​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​ပြီး သူ​တို့​ပြည်​ကို ချမ်းသာ​စေ​မည်​။ 15ငါ​သည် မျက်စိ​ကို​ဖွင့်​လျက် ဤ​အရပ်​မှ ဆုတောင်းသံ​ကို နားညောင်း​မည်​။ 16ငါ့​နာမ အစဉ်​တည်​စေရန် ဤ​အိမ်​တော်​ကို ငါ​ရွေးချယ်​၍ သန့်ရှင်း​စေ​ပြီ​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။
17သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​ရှေ့​၌​အသက်ရှင်​လျှောက်လှမ်း​၍ သင့်​အား ငါ​မိန့်မှာ​ထား​သမျှ​အတိုင်း လုပ်ဆောင်​ပြီး ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျှင် 18‘​အစ္စရေး​လူမျိုး​ကို​အုပ်ချုပ်​သော​သင့်​မျိုးဆက် မ​ပြတ်​ရ​’​ဟု သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​နှင့် ပဋိညာဉ်ဖွဲ့​ခဲ့​သည့်​အတိုင်း သင့်​နိုင်ငံ​၏​ရာဇပလ္လင်​ကို တည်မြဲ​စေ​မည်​။
19သို့သော် သင်​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​၍ သင်​တို့​အား ငါ​မိန့်မှာ​ထား​သော ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စွန့်ပစ်​ပြီး အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင် 20သူ​တို့​ကို ငါ​ပေး​ထား​သော​ပြည်​မှ ဖယ်ထုတ်​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​ဤ​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပြီး လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​စေ​မည်​။ 21ဤ​သန့်ရှင်းမြင့်မြတ်​သော​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား​ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။ 22ထိုအခါ လူ​တို့​က ‘သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သူ​တို့​စွန့်ပယ်​၍ အခြား​သော​ဘုရား​တို့​ကို ဆည်းကပ်​လျက် ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့် သူ​တို့​ကို ဤ​ဘေးအန္တရာယ်​အပေါင်း​နှင့် ကြုံတွေ့​စေ​တော်မူ​ပြီ​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in