တိမောသေဩဝါဒစာပထမစောင် 2
2
ဆုတောင်းခြင်းနှင့်ပတ်သက်သည့်ညွှန်ကြားချက်များ
1သို့ဖြစ်၍ လူအပေါင်းတို့အတွက်လည်းကောင်း၊ ရှင်ဘုရင်များနှင့် အထက်အာဏာပိုင်အားလုံးတို့အတွက်လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားခံတောင်းလျှောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ကိုပြုရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။ 2ဤသည်ကား ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနက်ခြင်းအပြည့်အဝရှိလျက် အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။ 3ထိုသို့ပြုခြင်းသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။ 4လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။ 5အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။ 6ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။ 7ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
အမျိုးသားနှင့်အမျိုးသမီးတို့အတွက် ညွှန်ကြားချက်များ
8သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
9ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ 10ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
11အမျိုးသမီးသည် အရာရာ၌နာခံခြင်းရှိ၍ တိတ်ဆိတ်စွာသင်ယူပါစေ။ 12အမျိုးသမီးသည် သွန်သင်ခြင်း၊ အမျိုးသားအပေါ် ဩဇာညောင်းခြင်းအခွင့်ကို ငါမပေး။ အမျိုးသမီးသည် တိတ်ဆိတ်စွာနေရမည်။ 13အကြောင်းမူကား အာဒံကို ပထမဦးစွာဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကို ဖန်ဆင်းတော်မူ၏။ 14ထို့ပြင် အာဒံသည် လှည့်ဖြားခြင်းမခံရ။ အမျိုးသမီးမူကား လှည့်ဖြားခြင်းခံရလျက် ဖောက်ဖျက်ကျူးလွန်ခြင်းသို့ရောက်ခဲ့၏။ 15သို့သော် အမျိုးသမီးတို့သည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့၌တည်လျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
Currently Selected:
တိမောသေဩဝါဒစာပထမစောင် 2: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative