YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 30

30
အာမလက်လူမျိုးတို့ကို ဒါဝိဒ်အောင်နိုင်ခြင်း
1သုံး​ရက်​မြောက်​သော​နေ့​တွင် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ဇိကလတ်​မြို့​သို့ ပြန်ရောက်​လာ​ကြ​၏​။ ထို​အချိန်​တွင် အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​နှင့် ဇိကလတ်​မြို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို တိုက်ခိုက်​မီး​ရှို့​ကာ 2ထို​မြို့​ရှိ မိန်းမ​များ​နှင့် လူကြီး​လူငယ်​အားလုံး​ကို ဖမ်းဆီး​ပြီး တစ်ယောက်​ကို​မျှ မ​သတ်​ဘဲ သူ​တို့​နှင့်အတူ ခေါ်ဆောင်​သွား​၏​။
3ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ မြို့​သို့​ပြန်ရောက်​ချိန်​တွင် မြို့​မှာ မီးရှို့ဖျက်ဆီး​ထား​ခြင်း​ခံရ​သည်​ကို တွေ့ရှိ​ရ​၏​။ သူ​တို့​၏​ဇနီး​နှင့် သား​သမီး​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​ဖြစ်​သောကြောင့် 4ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။ 5ဒါဝိဒ်​၏​မယား​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော ကရမေလ​မြို့သူ အဘိဂဲလ​တို့​သည်​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ 6လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​အတွက် စိတ်သောက​ရောက်​လျက် ဒါဝိဒ်​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​သဖြင့် ဒါဝိဒ်​မှာ အလွန်​စိတ်ဒုက္ခ​ရောက်​ရ​လေ​၏​။ သို့သော် သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ အားယူ​လေ​၏​။
7ဒါဝိဒ်​က အဟိမလက်​၏​သား ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်#30:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို ငါ့​ထံ​ယူလာ​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် အဗျာသာ​သည်​လည်း ဒါဝိဒ်​ထံ ဧဖုဒ်#30:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို ယူလာ​ပေး​၏​။ 8ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဓားပြ​တို့​နောက်သို့ လိုက်​ရ​ပါ​မည်လော​။ သူ​တို့​ကို မီ​နိုင်​ပါ​မည်လော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​လိုက်​လော့​။ အမှန်ပင်​မီ​လိမ့်မည်​။ လူ​တို့​ကို အမှန်ပင်​ကယ်တင်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
9ထို့ကြောင့် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​လူ​ခြောက်​ရာ​တို့​သည် ချီသွား​၍ ဗေသော်​ချောင်း​နား​သို့​ရောက်​လျှင် နောက်​၌​ကျန်​ခဲ့​သူ​တို့​က ထို​နေရာ​တွင် နေရစ်​ခဲ့​ကြ​၏​။ 10ဒါဝိဒ်​နှင့်အတူ လူ​လေး​ရာ​တို့​သည် ဆက်​၍​လိုက်​ကြ​၏​။ လူ​နှစ်ရာ​မူကား မောပန်း​လွန်း​သဖြင့် ဗေသော်​ချောင်း​ကို​ပင် မ​ကျော်​နိုင်​ဘဲ နေရစ်​ခဲ့​ကြ​၏​။
11ထို့နောက် တော​ထဲတွင် အီဂျစ်​ပြည်သား​တစ်​ဦး​ကို​တွေ့​သဖြင့် ဒါဝိဒ်​ထံသို့​ခေါ်လာ​ပြီး သူ့​အား စားစရာ​ကို​ပေး​၍ သူ​သည် စား​လေ​၏​။ သူ့​အား ရေ​ကို​လည်း​တိုက်​၏​။ 12သူ​သည် သုံး​ရက်​သုံး​ည​တိုင်တိုင် အစာ​ကို​မ​စား​ရ​၊ ရေ​ကို​မ​သောက်​ရ​သဖြင့် သူ့​အား သဖန်းပျဉ်​အနည်းငယ်​နှင့် စပျစ်သီးခြောက်​နှစ်​ခိုင်​တို့​ကို ကျွေး​ရာ သူ​သည် စား​၍ အားပြန်ပြည့်​လာ​၏​။
13ထိုအခါ ဒါဝိဒ်​က သူ့​အား “​သင်​သည် မည်သူ​၏​လူ ဖြစ်​သနည်း​။ မည်သည့်​အရပ်​က လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​မှ​လာ​ပါ​၏​။ အာမလက်​အမျိုးသား​တစ်​ဦး​၏​ကျွန် ဖြစ်​ပါ​၏​။ လွန်ခဲ့​သော​သုံး​ရက်​က အကျွန်ုပ်​ဖျားနာ​သဖြင့် အကျွန်ုပ်​၏​သခင်​သည် အကျွန်ုပ်​ကို ပစ်ထား​ခဲ့​ပါ​၏​။ 14အကျွန်ုပ်​တို့​သည် ခေရသိ​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​၊ ယုဒ​လူမျိုး​ပိုင်​သော​အရပ်ဒေသ​နှင့် ကာလက်​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​တို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို မီး​ရှို့​ခဲ့​ပါ​ပြီ​”​ဟု ပြန်ဖြေ​၏​။
15ဒါဝိဒ်​က သူ့​အား “​ထို​ဓားပြ​တို့​ရှိ​ရာ​သို့ ငါ့​ကို​လိုက်ပို့​နိုင်​သလော​”​ဟု ဆို​လျှင် သူ​က “​အကျွန်ုပ်​ကို မ​သတ်​၊ အကျွန်ုပ်​သခင့်​လက်​သို့​လည်း ပြန်​မ​အပ်​ပါ​ဟု ဘုရားသခင်​ထံ​ကျိန်ဆို​မည်​ဆို​လျှင် ထို​ဓားပြ​တို့​ရှိ​ရာ​သို့ လိုက်ပို့​ပါ​မည်​”​ဟု ဆို​ပြီး
16ဒါဝိဒ်​ကို​ခေါ်ဆောင်​သွား​ရာ ထို​သူ​တို့​သည် ဖိလိတ္တိ​ပြည်​၊ ယုဒ​ပြည်​တို့​မှ ပစ္စည်း​အများအပြား​ကို လုယက်သိမ်းယူ​နိုင်​သောကြောင့် တစ်ပြည်လုံး နေရာ​အနှံ့ စား​သောက်​လျက် ကခုန်​နေ​ကြ​၏​။ 17ဒါဝိဒ်​သည် မှောင်ရီပျိုးချိန်​မှစ၍ နောက်တစ်နေ့ နေဝင်ချိန်​ထိ ထို​သူ​တို့​ကို တိုက်ခိုက်​ရာ ကုလားအုတ်​စီး​၍ ထွက်ပြေး​သွား​သော​လူငယ်​လေး​ရာ​မှလွဲ၍ ကျန်​တစ်ဦးတစ်ယောက်​မျှ မ​လွတ်​ပေ​။
18ဒါဝိဒ်​သည် အာမလက်​လူမျိုး​တို့ သိမ်းယူ​သွား​ခဲ့​သမျှ​တို့​ကို ပြန်လည်​သိမ်းယူ​နိုင်​ခဲ့​၏​။ မိမိ​မယား​နှစ်​ဦး​ကို​လည်း ကယ်တင်​နိုင်​ခဲ့​၏​။ 19ဒါဝိဒ်​သည် လူကြီး​လူငယ်​မှစ၍ သား​သမီး​များ​ကို တစ်ယောက်မကျန်​၊ တိုက်ခိုက်လုယူ​သွား​သော​ပစ္စည်း​များ​ကို​လည်း တစ်ခုမကျန် အားလုံး​ပြန်လည်​တိုက်ယူ​နိုင်​ခဲ့​၏​။ 20ထို့ပြင် ဒါဝိဒ်​သည် သိုးအုပ်​နွားအုပ်​အားလုံး​ကို​လည်း သိမ်းယူ​ခဲ့​၏​။ လူ​တို့​သည် တိရစ္ဆာန်​တို့​ကို ရှေ့​မှ​နှင်​စေ​လျက် “​ဤသည်ကား ဒါဝိဒ် တိုက်ခိုက်​လုယူ​ပေး​သော​ပစ္စည်း​များ​တည်း​”​ဟု ဆို​ကြ​၏​။
21မောပန်း​၍ ဒါဝိဒ်​နောက်သို့​မ​လိုက်​နိုင်​တော့​ဘဲ ဗေသော်​ချောင်း​နား​တွင်​နေ​ခဲ့​သော လူ​နှစ်ရာ​တို့​ရှိ​ရာ​သို့ ဒါဝိဒ်​ပြန်​ရောက်လာ​သောအခါ သူ​တို့​သည် ဒါဝိဒ်​နှင့် သူ​နှင့်အတူ​ပြန်လာ​သော​လူ​တို့​ကို ကြိုဆို​ရန် ထွက်လာ​ကြ​၏​။ ဒါဝိဒ်​သည် သူ​တို့​အနီး​သို့​ရောက်လာ​၍ သူ​တို့​အား နှုတ်ဆက်​စကား​ပြောဆို​လေ​၏​။ 22သို့သော် ဒါဝိဒ်​နှင့်အတူ​လိုက်သွား​သော​သူ​တို့​ထဲမှ စိတ်ထား​ယုတ်ညံ့​သေးသိမ်​သူ​အပေါင်း​တို့​က “​သူ​တို့​သည် ငါ​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် အကျွန်ုပ်​တို့ ပြန်​တိုက်ခိုက်လုယက်​ယူလာ​သော​ပစ္စည်း​တို့​ကို သူ​တို့​အား မ​ပေး​နိုင်​။ သူ​တို့​သည် သူ​တို့​၏​မယား​၊ သားသမီး​တို့​ကို​သာ​ခေါ်​၍ ထွက်သွား​ပါစေ”​ဟု ဆို​ကြ​၏​။
23သို့သော် ဒါဝိဒ်​က သူ​တို့​အား “​ငါ့​ညီအစ်ကို​တို့​၊ ငါ​တို့​အား ထာဝရဘုရား​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ဤသို့​မ​ပြု​ရ​။ ထာဝရဘုရား​သည် ငါ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ငါ​တို့​အား လာရောက်​တိုက်ခိုက်​သော​ဓားပြ​တို့​ကို​လည်း ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။ 24ဤ​အမှု​နှင့်​ပတ်သက်၍ သင်​တို့​စကား​ကို မည်သူ​နားထောင်​မည်နည်း​။ စစ်တိုက်​သွား​သော​သူ​ရ​သော​ဝေစု​အတိုင်း ပစ္စည်း​စောင့်ကျန်​ခဲ့​သော​သူ​ကို​လည်း ညီတူညီမျှ​ဝေစု​ခွဲဝေ​ပေး​ရ​မည်​”​ဟု ဆို​၏​။ 25ထို​နေ့​မှစ၍ ယနေ့​ချိန်​ထိ ဒါဝိဒ်​သည် အစ္စရေး​လူမျိုး​တို့​တွင် ထိုသို့ စည်းမျဉ်း​ဥပဒေ ချမှတ်​လေ​၏​။
26ဒါဝိဒ်​သည် ဇိကလတ်​မြို့​သို့ ရောက်​လျှင် သူ​၏​မိတ်ဆွေ ယုဒ​သက်ကြီးဝါကြီး​တို့​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ရန်သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ကို သင်​တို့​အဖို့ လက်ဆောင်​ပေး​လိုက်​ပါ​၏​”​ဟု ဆို​၍ တိုက်ရာပါပစ္စည်း​များ​ကို ပေး​လိုက်​လေ​၏​။ 27ဗေသလ​မြို့သား​များ​၊ ရာမုတ်နေဂေ့​မြို့သား​များ​၊ ယတ္တိရ​မြို့သား​များ​၊ 28အာရော်​မြို့သား​များ​၊ ရှိဖမုတ်​မြို့သား​များ​၊ ဧရှတမော​မြို့သား​များ​၊ 29ရာခလ​မြို့သား​များ​၊ ယေရမေလ​မြို့​များ​ရှိ​မြို့သား​များ​၊ ကေနိ​မြို့​များ​ရှိ​မြို့သား​များ​၊ 30ဟောမာ​မြို့သား​များ​၊ ခေါရာရှန်​မြို့သား​များ​၊ အာသက်​မြို့သား​များ​၊ 31ဟေဗြုန်​မြို့သား​များ စသည်​တို့​မှစ၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ သွားလာ​ခဲ့​သော​မြို့​ရှိသမျှ​တို့​သို့​လည်း ပေးလိုက်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in