ဓမ္မရာဇဝင်ပထမစောင် 16
16
ဒါဝိဒ်ကို ရှမွေလဘိသိက်ပေးခြင်း
1တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
2ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။ 3ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။
4ရှမွေလလည်း ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ပြု၏။ သူသည် ဗက်လင်မြို့သို့ရောက်သောအခါ ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီး သူနှင့်လာတွေ့၍ “အရှင်သည် ငြိမ်းချမ်းရေးအတွက် လာသလော”ဟု မေးကြ၏။
5ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။ 6သူတို့ရောက်လာကြသောအခါ ရှမွေလသည် ဧလျာဘကိုမြင်လျှင် “ထာဝရဘုရား ဘိသိက်ပေးမည့်သူသည် ရှေ့မှောက်တော်သို့ ရောက်ပြီ”ဟု တွေး၏။
7ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။
8တစ်ဖန် ယေရှဲသည် အဘိနဒပ်ကို ရှမွေလရှေ့သို့ ခေါ်လာပြလျှင် ရှမွေလက “ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။ 9တစ်ဖန် ယေရှဲသည် ရှမ္မကို ခေါ်လာပြလျှင် ရှမွေလက “သူ့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။ 10ယေရှဲသည် သားခုနစ်ယောက်ကို ရှမွေလရှေ့သို့ ခေါ်လာပြ၏။ သို့သော် ရှမွေလက ယေရှဲအား “သူတို့ကို ထာဝရဘုရားရွေးတော်မမူ”ဟူ၍သာ ပြော၏။ 11ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
12ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်လာစေ၏။ သူသည် နီမြန်းသောအသားအရေ၊ လှပသောမျက်လုံးနှင့် ခန့်ညားသောရုပ်ရည်ရှိ၏။ ထာဝရဘုရားက “ဤသူပင်ဖြစ်၏။ ထ၍ သူ့ကိုဘိသိက်ပေးလော့”ဟု မိန့်တော်မူ၏။ 13ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ရှောလုမင်းကြီးထံ ဒါဝိဒ်ခစားရခြင်း
14ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။ 15ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း “ကြည့်ရှုလော့။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် အရှင့်ကိုနှောင့်ယှက်ပါပြီတကား။ 16ထို့ကြောင့် အရှင့်ထံခစားသောအမှုထမ်းတို့အား စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာဖွေစေပါ။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးနှောင့်ယှက်သောအခါတိုင်း ထိုသူစောင်းတီးပေးလျှင် အရှင် ပြန်ကောင်းသွားပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
17ထို့ကြောင့် ရှောလုမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ယခုပင် စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာ၍ ငါ့ထံသို့ခေါ်လာလော့”ဟု အမိန့်ပေး၏။
18ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင်
19ရှောလုမင်းကြီးသည် ယေရှဲထံ တမန်တို့ကို စေလွှတ်၍ “သိုးကျောင်းနေသော သင်၏သားဒါဝိဒ်ကို ငါ့ထံ စေလွှတ်လော့”ဟု မှာလိုက်လေ၏။ 20ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။ 21ဒါဝိဒ်သည် ရှောလုမင်းကြီးထံသို့ရောက်၍ ရှေ့တော်၌အခစားဝင်သောအခါ ရှောလုမင်းကြီးသည် သူ့ကို အလွန်သဘောကျသဖြင့် မိမိ၏လက်နက်ကိုင်အဖြစ် ခန့်အပ်လေ၏။ 22ထို့နောက် ရှောလုမင်းကြီးသည် ယေရှဲထံ လူလွှတ်ပြီး “ဒါဝိဒ်ကို ငါနှစ်သက်သည်ဖြစ်၍ ငါ့ထံ၌ ခစားစေပါလော့”ဟု မှာလိုက်၏။ 23ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို နှောင့်ယှက်သည့်အခါ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးပေး၏။ ထိုအခါ ရှောလုမင်းကြီးထံမှ ဝိညာဉ်ဆိုးထွက်သွားသဖြင့် သူသည် သက်သာပြီး နေကောင်းသွားလေ၏။
Currently Selected:
ဓမ္မရာဇဝင်ပထမစောင် 16: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative