ဓမ္မရာဇဝင်တတိယစောင် 20
20
ဗင်္ဟာဒဒ်မင်းကြီးကို အောင်နိုင်ခြင်း
1ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။ 2ဗင်္ဟာဒဒ်မင်းကြီးသည် မြို့ထဲရှိအစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ 3“ဗင်္ဟာဒဒ်မင်းကြီးက ‘သင်၌ရှိသော ရွှေငွေတို့ကို ငါပိုင်ပြီ။ သင်မြတ်နိုးလှသော မိဖုရားများ၊ သားတော်များကိုလည်း ငါပိုင်ပြီ’ဟူ၍ မှာလိုက်၏”ဟု လျှောက်တင်စေ၏။
4အစ္စရေးဘုရင်ကလည်း “အရှင်မင်းကြီးဆိုသည့်အတိုင်းပင် အကျွန်ုပ်နှင့် အကျွန်ုပ်၌ရှိသမျှသည် အရှင့်အပိုင်ဖြစ်ပါ၏”ဟု ပြန်ပြော၏။
5တမန်တို့သည် နောက်တစ်ဖန်လာ၍ “ဗင်္ဟာဒဒ်မင်းကြီးက ‘သင်၏ရွှေငွေ၊ မိဖုရားနှင့်သားများကို ငါ့ထံပေးအပ်ရန် သင့်ထံသို့ လူလွှတ်၍ ငါအမိန့်ပေးခဲ့ပြီ။ 6မနက်ဖြန် ယခုလိုအချိန်တွင် ငါ့အမှုထမ်းတို့ကို သင့်ထံသို့စေလွှတ်မည်။ သူတို့သည် သင့်နန်းတွင်းနှင့်သင့်အမှုထမ်းတို့၏အိမ်တို့၌ ရှာဖွေစစ်ဆေးပြီးလျှင် အဖိုးတန်ပစ္စည်းမှန်သမျှကို သိမ်းယူသွားကြလိမ့်မည်’ဟူ၍ မှာလိုက်ပြီ”ဟု လျှောက်တင်ကြပြန်၏။
7ထိုအခါ အစ္စရေးဘုရင်သည် တိုင်းပြည်ရှိသက်ကြီးဝါကြီးအပေါင်းတို့ကို ဆင့်ခေါ်၍ “ဤလူ မည်မျှရန်ရှာလိုသည်ကို ကြည့်ပြီး သိကြပါလော့။ သူသည် ငါ့ထံလူလွှတ်ပြီး မိဖုရားများ၊ သားတော်များနှင့်တကွ ရွှေငွေများကိုပါ တောင်းသောအခါ ငါမငြင်းခဲ့ပါ”ဟု မိန့်ဆို၏။
8ထိုအခါ သက်ကြီးဝါကြီးအပေါင်းနှင့် လူအပေါင်းတို့က “သူ့စကားကို နားမထောင်ပါနှင့်။ မလိုက်လျောပါနှင့်”ဟု လျှောက်တင်ကြ၏။
9ထို့ကြောင့် ရှင်ဘုရင်က ဗင်္ဟာဒဒ်မင်းကြီး၏တမန်တို့အား “ ‘ယခင်တောင်းဆိုချက်ဟူသမျှကို အကျွန်ုပ်လိုက်လျောနိုင်သော်လည်း ယခုတောင်းဆိုချက်ကိုမူ မလိုက်လျောနိုင်ပါ’ဟူ၍ အကျွန်ုပ်၏သခင်အရှင်မင်းကြီးအား ပြန်လျှောက်ကြလော့”ဟု မိန့်ဆို၏။ တမန်တို့ကလည်း ပြန်သွား၍ ထိုအတိုင်း လျှောက်တင်ကြ၏။
10ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးသည် လူလွှတ်ပြန်၍ “ရှမာရိမြေမှုန့်သည် ငါ့ခြေရင်း၌ခစားသောသူအားလုံးအတွက် လက်တစ်ဆုပ်စာစီလောက်ငှမည်ဆိုလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု မှာလိုက်၏။
11အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
12မိမိနှင့်အတူပါလာသောရှင်ဘုရင်များနှင့်အတူ တဲအတွင်း၌ စားသောက်နေသောဗင်္ဟာဒဒ်မင်းကြီးက ထိုသတင်းများကိုကြားသောအခါ သူ့အမှုထမ်းတို့အား “အသင့်ပြင်ကြ”ဟု အမိန့်ပေးသဖြင့် သူတို့လည်း မြို့ကိုတိုက်ရန် အသင့်ပြင်ကြ၏။
13ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
14ထိုအခါ အာဟပ်မင်းကြီးက “မည်သူ့အားဖြင့်နည်း”ဟု မေးလျှင် ပရောဖက်ကလည်း “ထာဝရဘုရားက ‘နယ်မြေခံစစ်သူကြီးတို့၏တပ်သားများအားဖြင့် ဖြစ်မည်’ဟူ၍ မိန့်တော်မူပါ၏”ဟု ဆင့်ဆို၏။ အာဟပ်မင်းကြီးကလည်း “မည်သူက စတင်တိုက်ပွဲဝင်ရမည်နည်း”ဟု မေးလျှင် ပရောဖက်က “အရှင်မင်းကြီး ဖြစ်၏”ဟု ပြန်ဖြေ၏။
15ထိုအခါ အာဟပ်မင်းကြီးသည် နယ်မြေခံစစ်သူကြီးတို့၏တပ်သားများကို ရေတွက်ကြည့်ရာ တပ်သားနှစ်ရာသုံးဆယ့်နှစ်ယောက်ရှိသည်ကို တွေ့ရ၏။ ထို့ပြင် အစ္စရေးတပ်သားအားလုံးကိုပါ ရေတွက်ကြည့်ရာ အားလုံးပေါင်း အယောက်ခုနစ်ထောင်ရှိ၏။ 16သူတို့သည် မွန်းတည့်ချိန်တွင် စစ်ချီလာကြ၏။ ထိုအချိန်တွင် ဗင်္ဟာဒဒ်မင်းကြီးနှင့် သူ့ကိုစစ်ကူပေးသောအခြားဘုရင်သုံးဆယ့်နှစ်ပါးတို့သည် တဲများ၌ စားသောက်မူးယစ်နေကြ၏။ 17နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
18ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။
19နယ်မြေခံစစ်သူကြီးတို့၏တပ်သားများနှင့် သူတို့နောက်တွင် လိုက်ပါလာသောစစ်သည်တို့သည် မြို့ထဲမှ ထွက်လာကြပြီး 20ရန်သူတို့နှင့် တစ်ယောက်လျှင်တစ်ယောက်ချင်း တိုက်ခိုက်ကြရာ ဆီးရီးယားတပ်သားတို့ ထွက်ပြေးကြသဖြင့် အစ္စရေးတပ်သားတို့သည် သူတို့ကို လိုက်လံတိုက်ခိုက်ကြ၏။ ထိုစဉ် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မြင်းစီးသူရဲတို့နှင့်အတူ မြင်းစီးပြီးထွက်ပြေးလွတ်မြောက်သွား၏။ 21အစ္စရေးဘုရင်လည်း ထွက်လာပြီး မြင်းတပ်၊ ရထားတပ်များကို တိုက်ခိုက်၍ ဆီးရီးယားတပ်သားတို့ကိုလည်း အကြီးအကျယ်သတ်ဖြတ်လေ၏။
22ထိုအခါ ပရောဖက်သည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်သည် နှစ်ဦးပိုင်းတွင် သင့်ကို ပြန်လာတိုက်လိမ့်ဦးမည်။ သင်သွား၍ စစ်အင်အားဖြည့်လော့။ သင်မည်သို့ပြုရမည်ကို ဆင်ခြင်သတိပြုလော့”ဟု သူ့အား ဆင့်ဆို၏။
23ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။ 24ယခု ဤသို့ပြုပါလော့။ ရှင်ဘုရင်တို့ကို ချန်လှပ်ထားပြီး သူတို့အစား ဘုရင်ခံတို့ကို ခန့်ထားတော်မူပါ။ 25ဆုံးရှုံးသွားခဲ့သောအရာများအတွက် စစ်သည်အစားစစ်သည်၊ မြင်းအစားမြင်း၊ ရထားအစားရထား အစားထိုးဖြည့်ဆည်းပေးတော်မူပါ။ ပြီးလျှင် သူတို့နှင့် လွင်ပြင်တွင် တိုက်ခိုက်ပါမည်။ အကျွန်ုပ်တို့ အမှန်နိုင်ပါလိမ့်မည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်သည် သူတို့စကားကိုနားထောင်ပြီး ထိုအတိုင်းပြုပေး၏။
26ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။ 27အစ္စရေးအမျိုးသားတို့လည်း စုရုံး၍ ရိက္ခာဖြည့်တင်းပြီးလျှင် ဆီးရီးယားတပ်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ချီလာကာ မျက်နှာချင်းဆိုင်တွင် စခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့ရှေ့တွင် ဆိတ်အုပ်လေးနှစ်အုပ်သဖွယ်ဖြစ်နေ၏။ ဆီးရီးယားတို့မူကား တစ်ပြည်လုံးအနှံ့တပ်စွဲထားကြ၏။
28ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
29သူတို့သည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်စခန်းချထားကြသည်မှာ ခုနစ်ရက်တိုင်တိုင်ဖြစ်၏။ ခုနစ်ရက်မြောက်သောနေ့တွင် စတင်တိုက်ခိုက်ကြရာ တစ်နေ့တည်းတွင် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားခြေလျင်တပ်သား အယောက်တစ်သိန်းကို ချေမှုန်းနိုင်ခဲ့၏။ 30ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။ 31ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
32သူတို့သည် ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်းကြိုးကိုပတ်ပြီးလျှင် အစ္စရေးဘုရင်ထံသို့သွား၍ “အရှင့်အစေအပါးဗင်္ဟာဒဒ်က ‘ယခု အကျွန်ုပ်ကို အသက်ချမ်းသာပေးပါ’ဟု အသနားခံလိုက်ပါ၏”ဟု လျှောက်တင်၏။ ရှင်ဘုရင်က “ငါ့နောင်တော် အသက်ရှင်သေးသလော”ဟု ဆိုလျှင်
33သူတို့က နိမိတ်ကောင်းဟုထင်မှတ်လျက် ထိုနိမိတ်ကိုအမိအရယူကာ “မှန်ပါ။ အရှင့်နောင်တော် ဗင်္ဟာဒဒ်မင်းကြီးပါ”ဟု ပြန်လျှောက်တင်ကြ၏။ ရှင်ဘုရင်ကလည်း “သူ့ကို သွားခေါ်လာလော့”ဟု မိန့်တော်မူပြီး ဗင်္ဟာဒဒ်မင်းကြီးရောက်လာလျှင် ရထားပေါ်တက်စေ၏။ 34ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။
ဘုရားသခင်က အာဟပ်မင်းကြီးကို အပြစ်တင်ဆုံးမခြင်း
35ထာဝရဘုရားမိန့်တော်မူသဖြင့် ပရောဖက်အဖွဲ့သားတစ်ဦးက မိမိအဖော်အား “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် သူ့အဖော်က သူ့ကိုမရိုက်ဘဲနေ၏။
36ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
37ထိုပရောဖက်က အခြားလူတစ်ယောက်နှင့်တွေ့သောအခါ “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် ထိုလူလည်း သူ့ကို ပြင်းစွာရိုက်လိုက်၍ သူဒဏ်ရာရသွားလေ၏။ 38ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။ 39ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်#20:39 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။ 40ကျွန်တော်မျိုးလည်း ဟိုဟိုသည်သည် အလုပ်ရှုပ်နေစဉ် ထိုသူပျောက်သွားပါ၏”ဟု လျှောက်တင်၏။ ထိုအခါ အစ္စရေးဘုရင်ကလည်း သူ့အား “သင်ခံရမည့်ပြစ်ဒဏ်ကို သင်ကိုယ်တိုင် စီရင်ချက်ချလေပြီ”ဟု မိန့်ဆို၏။
41ထိုအခါ ပရောဖက်သည် မိမိမျက်နှာတွင် အုပ်ထားသောပဝါကို အလျင်အမြန်ဖယ်လိုက်ရာ ပရောဖက်တစ်ပါးဖြစ်ကြောင်းကို အစ္စရေးဘုရင်သိရလေ၏။ 42ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။ 43ထိုအခါ အစ္စရေးဘုရင်သည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် မိမိနန်းတော်ရှိရာရှမာရိမြို့သို့ ပြန်သွားလေ၏။
Currently Selected:
ဓမ္မရာဇဝင်တတိယစောင် 20: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative