YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 14

14
ယေရောဗောင်မင်းကြီး၏အိမ်သူအိမ်သားတို့အပေါ်ကျရောက်သောဘေးအန္တရာယ်
1ထို​အချိန်​တွင် ယေရောဗောင်​မင်းကြီး​၏​သား​အဘိယ နာမကျန်း​ဖြစ်လာ​၏​။ 2ယေရောဗောင်​က သူ့​မိဖုရား​အား “​သင့်​ကို ယေရောဗောင်​၏​မိဖုရား​မှန်း လူ​တို့​မ​သိ​အောင် ရုပ်ဖျက်​ပြီး ရှိလော​မြို့​ရှိ​ပရောဖက် အဟိယ​ထံသို့​သွား​လော့​။ သူ​က ငါ့​အား သင်​သည် ဤ​လူမျိုး​ကို အုပ်ချုပ်​ရ​မည်​ဟု ပြော​ခဲ့​သော​သူ​ဖြစ်​၏​။ 3မုန့်​အလုံး​တစ်ဆယ်​၊ မုန့်ပြား​အနည်းငယ်​နှင့် ပျားရည်​တစ်​ဘူး​ကို​ပါ ယူသွား​လော့​။ သူ့​ထံ​ရောက်​လျှင် သူငယ်​မည်သို့​ဖြစ်​မည်​ကို သင့်​အား ပြောပြ​လိမ့်မည်”​ဟု ဆို​၏​။
4ယေရောဗောင်​မင်းကြီး​၏​မိဖုရား​သည်​လည်း ထ​၍ ရှိလော​မြို့​သို့​သွား​ကာ အဟိယ​အိမ်​သို့​ရောက်​လေ​၏​။ အဟိယ​သည် အသက်အရွယ်​ကြီးရင့်​ပြီ​ဖြစ်၍ မျက်စိ​ပင်​မ​မြင်​တော့​ချေ​။ 5ထာဝရဘုရား​က အဟိယ​အား “​ယေရောဗောင်​၏​မိဖုရား​သည် နာမကျန်း​သော​သား​နှင့်​ပတ်သက်၍​မေးမြန်း​ရန် သင့်​ထံ​လာ​လေ​ပြီ​။ သူ​သည် အခြားသူ​အယောင်ဆောင်​ပြီး ရောက်လာ​လိမ့်မည်​။ သူ့​ကို ဤသို့​ဤသို့ ပြန်ဖြေ​ပါ​”​ဟု မိန့်​တော်မူ​၏​။
6ထိုစဉ် တံခါးဝ​နား​ရောက်လာ​သော​မိဖုရား​၏​ခြေသံ​ကို အဟိယ​ကြား​လေ​၏​။ ထို့ကြောင့် သူ​က “​ယေရောဗောင်​၏​မိဖုရား​၊ ဝင်လာ​ပါ​။ အဘယ်ကြောင့် အခြားသူ​အယောင်ဆောင်​ရ​သနည်း​။ သင့်​အား သတင်းဆိုး​ပြောကြား​ရန် ငါ့​ကို စေခိုင်း​တော်မူ​ပြီ​။ 7ယေရောဗောင်​ကို ပြန်ပြော​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ဤ​လူမျိုး​တို့​ထဲ​မှ သင့်​ကို ငါ​ရွေးကောက်​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​ခဲ့​၏​။ 8နိုင်ငံ​တော်​ကို ဒါဝိဒ်​မင်းမျိုးမင်းနွယ်​လက်​ထဲမှ ရုပ်သိမ်း​ပြီး သင့်​ကို ပေးအပ်​ခဲ့​၏​။ သို့သော် ငါ့​အစေအပါး​ဒါဝိဒ်​ကဲ့သို့ သင်​မ​ပြု​။ သူ​သည် ပညတ်တရား​တို့​ကို စောင့်ထိန်း​၍ ငါ့​နောက်​သို့ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​ပြီး ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ 9သင်​မူကား သင့်​ရှေ့​က​လူ​အပေါင်း​တို့​ထက် ဆိုးညစ်မှု​များ​ကို ပြု​လေ​ပြီ​။ သင်​သည် ငါ့​ကို​ကျောခိုင်း​ပြီး အခြား​ဘုရား​များ​၊ ရုပ်တု​များ​ကို ပြုလုပ်​ကာ ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။ 10ထို့ကြောင့် ယခု ငါ​သည် ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​အပေါ် ဘေးဆိုး​ကျရောက်​စေ​မည်​။ အစ္စရေး​ပြည်​ရှိ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြုမခံရ​သူ​ပါ​မကျန် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ထဲမှ ယောက်ျား​တို့​ကို ငါ​ပယ်ရှင်း​မည်​။ အမှိုက်ပုံ​ကို မီးရှို့​ရှင်းလင်း​ပစ်​သကဲ့သို့ ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ 11ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​များ​စား​ကြ​လိမ့်မည်​။ မြို့ပြင်​၌​သေ​လျှင် ကောင်းကင်​ငှက်​တို့​စား​ကြ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​ပြီ​။
12ယခု သင်​ထ​၍ ကိုယ့်​အိမ်​သို့​ပြန်​လော့​။ မြို့​ထဲသို့ သင်​ခြေချ​လိုက်​သည်​နှင့် သူငယ်​သေ​လိမ့်မည်​။ 13အစ္စရေး​လူမျိုး​တစ်မျိုးလုံး သူ့​အတွက် ငိုကြွေးမြည်တမ်း​လျက် သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ယေရောဗောင်​မင်းမျိုးမင်းနွယ်​တွင် သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​၏​။ ထို့ကြောင့် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ထဲတွင် သူ​တစ်ဦးတည်း​သာ သင်္ချိုင်း​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​လိမ့်မည်​။ 14ထာဝရဘုရား​သည် တစ်နေ့တွင် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကို ပယ်ရှင်း​မည့်​ရှင်ဘုရင်​တစ်​ပါး အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​မည်​။ မည်သည့်​အချိန်​နည်း​ဆို​လျှင် ယခုပင်​ဖြစ်​၏​။ 15အစ္စရေး​လူမျိုး​သည် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ပြုလုပ်​ပြီး ထာဝရဘုရား​ကို​အမျက်ထွက်​စေ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ရေ​ထဲ၌​လှုပ်ခါယမ်း​သော​ကျူပင်​ကဲ့သို့ လှုပ်ခါယမ်း​စေ​မည်​။ ဘိုးဘေး​တို့​အား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​ထဲမှ အစ္စရေး​လူမျိုး​တို့​ကို ထုတ်ပစ်​၍ ယူဖရေးတီး​မြစ်#14:15 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်ကမ်း​သို့ ကွဲလွင့်​သွား​စေ​မည်​။ 16ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သော​အပြစ်​များ​ကြောင့် ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို စွန့်ပစ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​လေ​၏​။
17ယေရောဗောင်​မင်းကြီး​၏​မိဖုရား​သည်​လည်း ထ​၍​ပြန်သွား​ပြီး တိရဇာ​မြို့​ထဲသို့​ဝင်လာ​၏​။ နန်းတော်​တံခါးခုံ​နား​ရောက်​သည်​နှင့် သူငယ်​မှာ သေ​လေ​၏​။ 18မိမိ​အစေအပါး ပရောဖက်​အဟိယ​အားဖြင့် ထာဝရဘုရား​မိန့်မြွက်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် သူ့​ကို​သင်္ဂြိုဟ်​ကြ​ပြီး သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။
19ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#14:19 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 20ယေရောဗောင်​မင်းကြီး​သည် နှစ်ဆယ့်​နှစ်​နှစ်​နန်းစံ​ပြီး ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သွား​၏​။ သူ​၏​သား​တော်​နာဒပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
ယုဒဘုရင်ရောဗောင်မင်းကြီး
21ယုဒ​ပြည်​တွင် ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင် နန်းတက်​၏​။ ရောဗောင်​မင်းကြီး​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​တစ်​နှစ်​ရှိ​၏​။ သူ​သည် ထာဝရဘုရား​က မိမိ​၏​နာမ​ကို တည်​စေရန် အစ္စရေး​မျိုးနွယ်​အားလုံး​ထဲမှ ရွေးချယ်​တော်မူ​သော​ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခုနစ်​နှစ် စိုးစံ​ခဲ့​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။
22ယုဒ​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​သာ ပြု​ကြ​၏​။ ဘိုးဘေး​တို့​ပြု​သမျှ​ထက် သူ​တို့​ပြစ်မှား​သော​အပြစ်​က ထာဝရဘုရား​ကို ပို၍​အမျက်ထွက်​စေ​၏​။ 23သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ကုန်း​မြင့်​ရှိသမျှ​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ကိုယ့်​အဖို့ တည်​ထား​ကြ​၏​။ 24ပြည်​တော်​တွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​လည်း ရှိ​၏​။ အစ္စရေး​လူမျိုး​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​ပြု​သည့် စက်ဆုပ်ရွံရှာဖွယ်​အရာ​ရှိသမျှ​တို့​ကို ပြု​ကြ​၏​။
25ရောဗောင်​မင်းကြီး​နန်းစံ​ငါး​နှစ်​တွင် အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ချီလာ​၍ ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​၏​။ 26ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​များ​ကို ထုတ်ဆောင်​၍ ထို​အရာ​အားလုံး​အပြင် ရှောလမုန်​မင်းကြီး​ပြုလုပ်​ခဲ့​သော​ရွှေ​ဒိုင်းလွှား​အားလုံး​ကို​လည်း ယူဆောင်​သွား​၏​။ 27ထို့ကြောင့် ရောဗောင်​မင်းကြီး​သည် ရွှေ​ဒိုင်းလွှား​များ​အစား ကြေးနီ​ဒိုင်းလွှား​များ​ကို ပြုလုပ်​ပြီး ဘုရင့်​နန်းတော်​တံခါး​ကို​စောင့်ကြပ်​သော တံခါးမှူး​တို့​၏​လက်​သို့​အပ်​၏​။ 28ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ဝင်ရောက်​သည့်​အခါတိုင်း တံခါးစောင့်​တို့​သည် ထို​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ရ​၏​။ ပြီးလျှင် ထို​ဒိုင်းလွှား​တို့​ကို တံခါးစောင့်​တို့​၏​အခန်း​ထဲတွင် ပြန်သိမ်း​ထား​ရ​၏​။
29ကျန်ရှိ​နေ​သော ရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​တို့​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#14:29 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 30ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။ 31ရောဗောင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။ ရောဗောင်​မင်းကြီး​၏​သား​တော်​အဘိယံ#14:31 “အဘိယ” (၆ရာ 12:16)။​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in