YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 12

12
နိုင်ငံတော်နှစ်ခြမ်းကွဲခြင်း
1အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ရောဗောင်​ကို​မင်းမြှောက်​ရန် ရှေခင်​မြို့​သို့​ရောက်လာ​ကြ​သဖြင့် ရောဗောင်​သည်​လည်း ရှေခင်​မြို့​သို့​သွား​၏​။ 2ရှောလမုန်​မင်းကြီး​ထံမှ​ထွက်ပြေး​သွား​ခဲ့​သော နေဗတ်​၏​သား​ယေရောဗောင်​သည် အီဂျစ်​ပြည်​၌​ခိုလှုံ​နေ​၏​။ ထို​သတင်း​ကို ကြား​ရ​လျှင် ယေရောဗောင်​သည် အီဂျစ်​ပြည်​မှ ပြန်လာ​၏​။ 3ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်​ကြ​၏​။ ထို့နောက် ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ရောဗောင်​မင်းကြီး​ထံသို့​လာ​ကြ​ပြီး 4“​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​ပါ​၏​။ သို့သော် မင်းကြီး​၏​ခမည်းတော်​ထံ၌ အကျွန်ုပ်​တို့ ခက်ခဲပင်ပန်း​စွာ​အမှုထမ်း​ခဲ့​ရ​သည်​ကို သက်သာ​စေ​မည်​ဆိုလျှင်​၊ အကျွန်ုပ်​တို့​အပေါ်​တင်ထား​ခဲ့​သည့် လေးလံ​သော​ထမ်းပိုး​ကို ပေါ့​စေ​မည်​ဆိုလျှင် မင်းကြီး​ထံ​ခစား​ကြ​ပါ​မည်​”​ဟု လျှောက်တင်​ကြ​၏​။
5ထိုအခါ ရောဗောင်​မင်းကြီး​က “​ပြန်သွား​ကြ​လော့​။ သုံး​ရက်​ကြာ​မှ ငါ့​ထံသို့ ပြန်လာ​ကြ​လော့​”​ဟု မိန့်ဆို​သဖြင့် လူ​တို့​လည်း ပြန်သွား​ကြ​၏​။ 6ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်မေးမြန်း​ရာ
7သူ​တို့​က “​ယနေ့ မင်းကြီး​သည် ဤ​လူ​တို့​၏​အမှု​ကို​ထမ်းဆောင်​၍ သူ​တို့​၏​အစေ​ကို​ခံ​လျက် သူ​တို့​ကို ကောင်းမွန်​စွာ​ပြောဆို​ဆက်ဆံ​မည်​ဆို​လျှင် သူ​တို့​သည် မင်းကြီး​ထံ​အစဉ်အမြဲ​အစေခံ​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။
8သို့သော် ရောဗောင်​မင်းကြီး​သည် သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို လက်မခံ​ဘဲ သူ့​ထံ၌​ခစား​နေ​သော ငယ်ပေါင်းကြီးဖော်​လူငယ်​များ​နှင့် တိုင်ပင်​လေ​၏​။ 9“ ‘​အကျွန်ုပ်​တို့​အပေါ် သင့်​ခမည်းတော်​တင်​သော​ထမ်းပိုး​ကို ပေါ့​စေ​တော်မူ​ပါ​’​ဟု တောင်းဆို​လာ​သော​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​ပါ​မည်​ကို အကြံပေး​ကြ​ပါ​”​ဟု သူ​တို့​အား တိုင်ပင်မေးမြန်း​လျှင်
10သူ​၏​ငယ်ပေါင်းကြီးဖော်​လူငယ်​တို့​က “ ‘မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို​တင်​ခဲ့​ပြီ​။ ထို​ထမ်းပိုး​ကို​ပေါ့​စေ​တော်မူ​ပါ​’​ဟု လျှောက်တင်​သော​လူ​တို့​အား ‘​ငါ့​လက်သန်း​သည် ငါ့​ခမည်းတော်​၏​ခါး​ထက်​ပို၍ တုတ်​၏​။ 11ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​’​ဟူ၍ ပြန်ဖြေ​ပါ​လော့​”​ဟု လျှောက်တင်​ကြ​၏​။
12ရှင်ဘုရင်​က “​သုံး​ရက်​မြောက်​နေ့​တွင် ငါ့​ထံ​ပြန်လာ​ကြ​”​ဟု ဆို​သည့်​အတိုင်း ယေရောဗောင်​နှင့်​လူ​အပေါင်း​တို့​သည် သုံး​ရက်​မြောက်​သော​နေ့​တွင် ရောဗောင်​မင်းကြီး​ထံသို့ ပြန်လာ​ကြ​၏​။ 13ထိုအခါ ရှင်ဘုရင်​သည် လူ​တို့​အား ကြမ်းတမ်း​စွာ​ပြန်ပြော​၏​။ သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို ပစ်ပယ်​ပြီး 14သူ​သည် လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။
15ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ထာဝရဘုရား ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။ 16အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။ 17သို့သော် ယုဒ​မြို့ရွာ​များ​တွင်​နေထိုင်​သော အစ္စရေး​အမျိုးသား​တို့​ကို​ကား ရောဗောင်​မင်းကြီး​အုပ်စိုး​ရ​၏​။
18တစ်နေ့တွင် ရောဗောင်​မင်းကြီး​သည် ချွေးတပ်အုပ်​အဒေါရံ​ကို​စေလွှတ်​ရာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်​သဖြင့် သူ​သေ​လေ​၏​။ ထိုအခါ ရောဗောင်​မင်းကြီး​သည် မြင်းရထား​ပေါ်သို့ အလျင်အမြန်​တက်သွား​ပြီး ဂျေရုဆလင်​မြို့​သို့ ထွက်ပြေး​လေ​၏​။ 19ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို ယနေ့​တိုင်အောင် ပုန်ကန်​ကြ​လေ​၏​။
ဂျေရုဆလင်မြို့သို့ ရောဗောင်မင်းကြီးရောက်ရှိခြင်း
20ယေရောဗောင်​ပြန်ရောက်လာ​ပြီ​ဖြစ်ကြောင်း​ကို အစ္စရေး​လူမျိုး​တစ်မျိုးလုံး ကြားသိ​လျှင် လူ​လွှတ်​၍ သူ့​ကို လူထု​ရှေ့​သို့​ခေါ်လာ​စေ​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို အုပ်ချုပ်​ရန် မင်းမြှောက်​လိုက်​လေ​၏​။ ယုဒ​အမျိုး​မှတစ်ပါး ဒါဝိဒ်​မင်းမျိုးမင်းနွယ်​နောက်သို့​လိုက်​သော​သူ​မ​ရှိ​။ 21ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​လျှင် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော် ရောဗောင်​အဖို့ နိုင်ငံ​တော်​ပြန်ရယူ​ရန် ယုဒ​အမျိုးအနွယ်​တစ်နွယ်လုံး​နှင့် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မှ လက်ရွေးစင်​စစ်သား​တစ်သိန်း​ရှစ်သောင်း​ကို စုဝေး​စေ​၏​။ 22သို့ရာတွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ဘုရားသခင်​၏​လူ​ရှေမာယ​ထံသို့​ရောက်လာ​၍ 23“​ရှောလမုန်​မင်းကြီး​၏​သား ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​မှစ၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​အပေါင်း​နှင့်တကွ ကျန်​လူ​တို့​အား 24ထာဝရဘုရား​က ‘​သင်​တို့​၏​ညီအစ်ကို အစ္စရေး​အမျိုးသား​တို့​အား သွား​၍​မ​တိုက်ခိုက်​ရ​။ ကိုယ့်​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​လော့​။ ဤ​အမှု​သည် ငါ​ပြု​သော​အမှု​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ လူ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည်​ကို နာခံ​၍ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း အသီးသီး ပြန်သွား​ကြ​လေ​၏​။
ယေရောဗောင်မင်းကြီး ရုပ်တုကိုးကွယ်ခြင်း
25ထို့နောက်တွင် ယေရောဗောင်​မင်းကြီး​သည် ဧဖရိမ်​တောင်​ပေါ်တွင် ရှေခင်​မြို့​ကို​တည်​၍ နေထိုင်​၏​။ ထို့နောက် ရှေခင်​မြို့​မှ​ထွက်ခွာ​ပြီး ပေနွေလ​မြို့​ကို တည်​ပြန်​၏​။ 26ထို့နောက် ယေရောဗောင်​မင်းကြီး​က “​ယခု နိုင်ငံ​တော်​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ထံ ပြန်ရောက်​သွား​နိုင်​၏​။ 27ဤ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ယဇ်​ပူဇော်​ကြ​လျှင် သူ​တို့​၏​သခင် ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​ဘက်​သို့ စိတ်ပါ​သွား​နိုင်​၏​။ ထိုအခါ သူ​တို့​သည် ငါ့​ကို​သတ်​ပြီး ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​ထံ ပြန်ပါသွား​ကြ​လိမ့်မည်​”​ဟု တွေးမိ​၏​။ 28ထို့ကြောင့် ရှင်ဘုရင်​သည် အတိုင်ပင်ခံ​တို့​နှင့်​ဆွေးနွေးတိုင်ပင်​၍ ရွှေ​နွားသငယ်ရုပ်​နှစ်​ရုပ်​ကို သွန်းလုပ်​ပြီး ပြည်သူ​တို့​အား “​ဂျေရုဆလင်​မြို့​သို့ တက်သွား​ရ​သည်​မှာ သင်​တို့​အဖို့ ခက်ခဲ​လှ​ပါ​၏​။ အို အစ္စရေး​လူမျိုး​တို့​၊ ကြည့်​ပါ​။ ဤသည်မှာ သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​များ​ဖြစ်​ပါ​၏​”​ဟု မိန့်ဆို​၏​။ 29ထို့နောက် ထို​နွားသငယ်ရုပ်​တို့​ကို ဗေသလ​မြို့​တွင်​တစ်​ကောင်​၊ ဒန်​မြို့​တွင်​တစ်​ကောင် တည်​ထား​၏​။ 30ပြည်သား​တို့​သည်​လည်း နွားသငယ်ရုပ်​ရှိ​ရာ​ဒန်​မြို့​အထိ သွား​၍​ဝတ်ပြု​ကြ​ရာ ဤသည်မှာ အပြစ်​ဖြစ်လာ​၏​။
31အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ဝတ်ကျောင်း​များ​ကို တည်ဆောက်​ပြီး လေဝိ​အမျိုး​မ​ဟုတ်​သော သာမန်လူ​များ​အား ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​၏​။ 32ထို့ပြင် ယေရောဗောင်​မင်းကြီး​သည် ယုဒ​ပြည်​တွင်​ကျင်းပ​သော​ပွဲ​ကဲ့သို့ အဋ္ဌမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကျင်းပ​ပြီး ယဇ်ပလ္လင်​တွင် ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​တွင်​တည်​ထား​သော​နွားသငယ်ရုပ်တု​ကို​လည်း ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​ရှိ သူ​တည်​ထား​သော​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​များ​ကို ခန့်ထား​၏​။ 33သူ​ကိုယ်တိုင်​သတ်မှတ်​ထား​သော​လ​ဖြစ်​သည့် ထို​အဋ္ဌမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ဗေသလ​မြို့​၌ သူ​တည်​ခဲ့​သော​ယဇ်ပလ္လင်​တွင် ယဇ်ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​အဖို့ ပွဲတော်​ကို ကျင်းပ​ပေး​ပြီး သူ​သည် ယဇ်ပလ္လင်​ပေါ်သို့​တက်​ကာ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in