YouVersion Logo
Search Icon

ရှင်ယောဟန်ဩဝါဒစာပထမစောင် 3

3
1ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​ရန် ခမည်းတော်​သည် မည်မျှ​ကြီးမား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်မူ​သည်​ကို ဆင်ခြင်​ကြ​လော့။ အမှန်ပင် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ လောကီသား​တို့​သည် ဘုရားသခင်​ကို​မ​သိ​သောကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။ 2ချစ်​ရ​သော​သူ​တို့၊ ယခု ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အနာဂတ်​တွင် ငါ​တို့​မည်သို့​ဖြစ်​ကြ​မည်​ကို ထင်ရှား​စွာ​မ​သိ​ရ​သေး​သော်လည်း ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​ကို ပကတိ​အဖြစ်​တော်​အတိုင်း မြင်​ရ​ကြ​မည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။ 3ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။
4အပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တရားမဲ့​သော​အမှု​ကို​လည်း​ပြု​၏။ အပြစ်​သည် တရားမဲ့​ခြင်း​ဖြစ်​၏။ 5ကိုယ်တော်​သည် အပြစ်​များ​ကို​ယူဆောင်​သွား​ရန် ပေါ်ထွန်း​တော်မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်တော်​၌​ကား မည်သည့်​အပြစ်​မျှ​မ​ရှိ။ 6ကိုယ်တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။
7သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။ 8အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။ 9ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ မည်သူ​၌​မဆို ဘုရားသခင်​၏​မျိုးစေ့​တည်​နေ​သည်​ဖြစ်၍ ထို​သူ​သည် အပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သောကြောင့် အပြစ်​ကို​ဆက်၍​မ​ပြု​နိုင်။
အချင်းချင်းချစ်ကြရမည်
10ဖြောင့်မတ်​ခြင်း​တရား​ကို​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ မိမိ​ညီအစ်ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​နှင့် မာရ်နတ်​၏​သားသမီး​များ​ကို ခွဲခြား​သိရှိ​နိုင်​၏။
11ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ရ​မည်​ဟူသော ဤ​သတင်း​စကား​သည် အစအဦး​ကပင် သင်​တို့​ကြားနာ​ရ​သော​သတင်းစကား​ဖြစ်​၏။ 12မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ပြီး မိမိ​၏​ညီ​ကို​သတ်​သော​ကာဣန​ကဲ့သို့ မ​ဖြစ်​ကြ​နှင့်။ အဘယ်ကြောင့် ညီ​ကို​သတ်​သနည်း​ဟူမူကား သူ​၏​လုပ်ဆောင်​မှု​သည် ဆိုးညစ်​၍ သူ့​ညီ​၏​လုပ်ဆောင်​မှု​သည် ဖြောင့်မတ်​သောကြောင့်​ဖြစ်​၏။ 13ညီအစ်ကို​တို့၊ လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့ဩ​ကြ​နှင့်။ 14ငါ​တို့​သည် ညီအစ်ကို​တို့​ကို ချစ်​ကြ​သောကြောင့် သေ​ခြင်း​မှ​အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူကား သေ​ခြင်း​၌​တည်​၏။ 15မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူသတ်သမား​ဖြစ်​၏။ မည်သည့်​လူသတ်သမား​၌​မျှ ထာဝရ​အသက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။
လုပ်ဆောင်မှုပါသောချစ်ခြင်းမေတ္တာ
16ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။ 17တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။ 18သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။ 19ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။ 20ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။
21ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး 22တောင်းလျှောက်​သမျှ​တို့​ကို ဘုရားသခင်​ထံမှ​ရ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​၍ ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​များ​ကို ပြု​ကြ​သောကြောင့်​ဖြစ်​၏။ 23ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။ 24ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရှင်ယောဟန်ဩဝါဒစာပထမစောင် 3