YouVersion Logo
Search Icon

ကောရိန္သုဩဝါဒစာပထမစောင် 5

5
ကိုယ်ကျင့်တရားဖောက်ပြန်သောအသင်းသား
1သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။ 2သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ထို​အမှု​ကို​ပြု​သော​သူ​အား သင်​တို့​အထဲ​မှ ဖယ်ရှား​ရ​မည့်​အစား မာန​ထောင်လွှား​လျက်​နေ​ကြ​၏။ 3ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့်​သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ ထို​နေရာ​၌ အတူ​ရှိ​နေ​သကဲ့သို့ ထို​အမှု​ကို​ပြု​သော​သူ​အား စီရင်​ခဲ့​လေ​ပြီ။ 4ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍ 5ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။
6သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ 7သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ 8ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။
အသင်းတော်ကျင့်ဝတ်
9သင်​တို့​ထံ​ပေး​ပို့​သော ငါ​၏​စာ​၌ တရားနှင့်မညီ​မေထုန်ပြု​သူ​များ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​ရန် ငါ​ရေးသား​မှာကြား​ခဲ့​၏။ 10သို့ရာတွင် ဤ​လောက​ရှိ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လောဘ​လွန်ကျူး​၍ လိမ်လည်​လုယူ​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လုံးဝ​အပေါင်းအဖော်​မ​ပြု​ရ​ဟု ငါ​ဆိုလို​သည်​မ​ဟုတ်။ ထိုသို့ဆိုလျှင် သင်​တို့​သည် ဤ​လောက​မှ ထွက်ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။ 11သို့သော် အမှန်အားဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီအစ်ကို​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သူ​တစ်စုံတစ်ဦး​သည် တရားနှင့်မညီ​မေထုန်ပြု​သူ၊ လောဘ​လွန်ကျူး​သူ၊ ရုပ်တု​ကိုးကွယ်​သူ၊ ဝေဖန်​ပုတ်ခတ်​သူ၊ သောက်​စား​မူးယစ်​သူ၊ လိမ်လည်​လုယူ​သူ​ဖြစ်​လျှင် ထိုကဲ့သို့သော​သူ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်အတူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ၍​ဖြစ်​၏။ 12အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။ 13အပြင်​လူ​တို့​ကို​မူကား ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ ထို​ဆိုးညစ်​သော​သူ​ကို သင်​တို့​အထဲမှ ဖယ်ရှား​ကြ​လော့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in