YouVersion Logo
Search Icon

ကောရိန္သုဩဝါဒစာပထမစောင် 15

15
ကောင်းမြတ်သောသတင်းအတွက် အဓိကကျသောအရာ
1ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။ 2သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။ 3အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊ 4ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့် 5ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။ 6ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။ 7ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။ 8နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။
9အမှန်စင်စစ် ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို ညှဉ်းဆဲ​ခဲ့​သောကြောင့် တမန်တော်​များ​ထဲတွင် အသေးသိမ်ဆုံး​သော​သူ​ဖြစ်​ပြီး တမန်တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။ 10သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။ 11ထို့ကြောင့် ငါ​ဖြစ်စေ၊ ထို​သူ​တို့​ဖြစ်စေ ထိုသို့​ဟောပြော​ကြ​၏။ သင်​တို့​သည်​လည်း ထိုသို့​ယုံကြည်​ကြ​၏။
ယုံကြည်ခြင်းအတွက် အဓိကကျသောရှင်ပြန်ထမြောက်ခြင်း
12ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ​ဟု ဟောပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲမှ အချို့​တို့​က သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​သနည်း။ 13သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။ 14ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် ငါ​တို့​၏​ဟောပြော​ခြင်း​သည် အချည်းနှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံကြည်​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​၏။ 15ထိုမျှမက ငါ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ​များ ဖြစ်သွား​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​တော်​မ​မူ​လျှင် ဘုရားသခင်​ထမြောက်​စေ​တော်​မ​မူ​သော​ခရစ်တော်​ကို ဘုရားသခင်​ထမြောက်​စေ​တော်မူ​ပြီ​ဟု ငါ​တို့​သက်သေခံ​နေ​ကြ​သောကြောင့်​ဖြစ်​၏။ 16အကြောင်းမူကား သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။ 17ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။ 18သို့ဖြစ်လျှင် ခရစ်တော်​၌ အိပ်ပျော်​သော​သူ​တို့​သည်​လည်း ပျက်စီး​ကြ​လေ​ပြီ။ 19ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်။
20ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။ 21အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။ 22အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်မည်။ 23သို့သော် တစ်ဦးစီ​၌ မိမိ​အလှည့်​ရှိ​၍ ခရစ်တော်​သည် အသီးဦး​ဖြစ်​တော်မူ​၏။ ထို့နောက် ခရစ်တော်​နှင့်ဆိုင်သော​သူ​တို့​သည် ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ ထမြောက်​ကြ​လိမ့်မည်။ 24ထို့နောက် အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်မှု​ရှိသမျှ၊ တန်ခိုး​နှင့်​အာဏာစက်​ရှိသမျှ​တို့​ကို​ဖျက်ဆီး​၍ နိုင်ငံ​တော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ အပ်နှံ​တော်မူ​လိမ့်မည်။ 25အကြောင်းမူကား ရန်သူ​အပေါင်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​သည်​အထိ ကိုယ်တော်​သည်​အုပ်စိုး​ရ​မည်​ဖြစ်​၏။ 26ဖျက်ဆီး​ခြင်း​ခံရ​မည့် နောက်ဆုံး​ရန်သူ​မှာ သေ​ခြင်း​ဖြစ်​၏။ 27အကြောင်းမူကား “ဘုရားသခင်​သည် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​၍ နာခံ​စေ​တော်မူ​၏။”#ဆာ 8:6။ အရာ​ခပ်သိမ်း​တို့​ကို နာခံ​စေ​တော်မူ​၏​ဟု ဆို​ရာ​တွင် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သော​အရှင်​သည် ထို​အရာ​များ​ထဲ၌​မ​ပါ​ကြောင်း ထင်ရှား​၏။ 28အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သောအခါ သား​တော်​ကိုယ်တိုင်​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​တော်မူ​သော​အရှင်​ကို နာခံ​တော်မူ​လိမ့်မည်။ ဤသည်ကား ဘုရားသခင်​သည် အလုံးစုံ​တို့​၌ အလုံးစုံ​ဖြစ်​တော်မူ​မည့်​အကြောင်း​တည်း။
29သို့ဖြစ်လျှင် သေလွန်​သော​သူ​တို့​၏​ကိုယ်စား ဗတ္တိဇံ​ခံ​သော​သူ​တို့​သည် အဘယ်ကြောင့် ထိုသို့​ပြု​ရ​ကြ​သနည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​အလျှင်း​မ​ရှိ​လျှင် အဘယ်ကြောင့် သူ​တို့​ကိုယ်စား ဗတ္တိဇံ​ခံ​စရာ​ရှိ​သနည်း။ 30ငါ​တို့​သည်​လည်း အဘယ်ကြောင့် အန္တရာယ်​နှင့် အစဉ်အမြဲ​ရင်ဆိုင်​နေ​ရ​သနည်း။ 31ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၌ သင်​တို့​ကြောင့် ငါ​ရရှိ​သော​ဝါကြွား​ဝမ်းမြောက်​ခြင်း​ကို​တိုင်တည်​၍ “ငါ​သည် နေ့တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။ 32ငါ​သည် လူ့​သဘော​ဖြင့် ဧဖက်​မြို့​၌ သားရဲ​တို့​နှင့်​တိုက်ခိုက်​ခဲ့​သည်​ဆိုလျှင် ငါ့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မနက်ဖြန်​သေ​ကြ​ရ​မည်​ဖြစ်၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်စို့။ 33အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။ 34အမြင်​မှန်​ရ​ကြ​လော့။ အပြစ်​ကို​မ​ပြု​ကြ​နှင့်။ အကြောင်းမူကား အချို့​သော​သူ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့​ငါ​ပြော​၏။
ရှင်ပြန်ထမြောက်သော ကိုယ်ခန္ဓာ၏သဘောသဘာ၀
35သို့သော် လူ​အချို့​တို့​က “သေလွန်​သော​သူ​တို့​သည် မည်သို့​ထမြောက်​ကြ​မည်နည်း။ မည်သို့​သော​ကိုယ်ခန္ဓာ​ဖြင့် ပေါ်လာ​ကြ​မည်နည်း”​ဟု မေးမြန်း​ကြ​လိမ့်မည်။ 36အချင်း​လူမိုက်၊ သင်​စိုက်ပျိုး​သော​အရာ​သည် မ​ပျက်​လျှင် ရှင်သန်​လာ​မည်​မ​ဟုတ်။ 37သင်​စိုက်ပျိုး​သော​အရာ​သည်​လည်း နောက်​ဖြစ်လာ​မည့်​ကိုယ်ထည်​ကို စိုက်ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ​၊ သို့မဟုတ် အခြား​သီးနှံ​၏​အစေ့​သက်သက်​ကို​သာ စိုက်ပျိုး​၏။ 38သို့သော် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို​ပေး​တော်မူ​၍ အစေ့​တစ်စေ့စီ​အား မိမိ​အမျိုးအစား​အလိုက် ကိုယ်ထည်​ကို​ပေး​တော်မူ​၏။ 39အသား​အားလုံး​သည် တစ်မျိုးတည်း​မ​ဟုတ်။ လူ​တို့​၏​အသား​သည် တစ်​မျိုး၊ တိရစ္ဆာန်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ကျေးငှက်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အသား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ 40ကောင်းကင်​ကိုယ်ခန္ဓာ​များ​ရှိ​၍ မြေကြီး​ကိုယ်ခန္ဓာ​များ​လည်း​ရှိ​၏။ သို့သော် ကောင်းကင်​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး​ဖြစ်၍ မြေကြီး​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ 41နေ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အသရေ​သည်​လည်း ခြားနား​ကြ​၏။ 42သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ 43အသရေ​မ​ရှိ​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ အားနည်း​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ခွန်အား​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ 44ဇာတိ​ကိုယ်ခန္ဓာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဝိညာဉ်​ကိုယ်ခန္ဓာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ ဇာတိ​ကိုယ်ခန္ဓာ​ရှိ​လျှင် ဝိညာဉ်​ကိုယ်ခန္ဓာ​လည်း​ရှိ​၏။ 45ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”#က 2:7။​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။ 46သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။ 47ပထမ​လူ​သည် မြေကြီး​မှ​ဖြစ်၍ မြေမှုန့်​နှင့်ဆိုင်​၏။ ဒုတိယ​လူ​သည် ကောင်းကင်​မှ​ဖြစ်​၏။ 48မြေမှုန့်​နှင့်ဆိုင်သော​သူ​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ ကောင်းကင်​နှင့်ဆိုင်သော​သူ​မူကား ကောင်းကင်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ 49ငါ​တို့​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​ဆောင်​သကဲ့သို့ ကောင်းကင်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်မည်။
အောင်ပွဲခံသောရှင်ပြန်ထမြောက်ခြင်း
50ညီအစ်ကို​တို့၊ ငါ​ဆို​သည်​ကား အသွေး​အသား​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည်​လည်း ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ 51နားထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အားလုံး​သည် အိပ်ပျော်​ကြ​ရ​မည်​မ​ဟုတ်။ 52သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ 53အဘယ်ကြောင့်​ဆိုသော် ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်​၏။ 54ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။ 55“အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။”#ဟော 13:14။ 56သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။ 57သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။
58ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy