YouVersion Logo
Search Icon

ကောရိန္သုဩဝါဒစာပထမစောင် 10

10
အစ္စရေးလူမျိုးတို့၏ရှေးကာလဖြစ်စဉ်မှ သင်ခန်းစာများ
1ညီအစ်ကို​တို့၊ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုးဘေး​များ​အားလုံး​သည် မိုးတိမ်​အောက်၌​ရှိ​ခဲ့​၍#ထွ 13:21-22၊ 14:22,29။ အားလုံး​သည် ပင်လယ်​ကို ဖြတ်ကျော်​ခဲ့​ကြ​ပြီး 2အားလုံး​သည် မိုးတိမ်​နှင့်​ပင်လယ်​ထဲတွင် မောရှေ​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြ​၏။ 3သူ​တို့​အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်ရေး​ဆိုင်ရာ​အစာ​ကို စား​ခဲ့​၍ 4အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်နည်းဆိုသော် သူ​တို့​နှင့်အတူ​လိုက်​ပါလာ​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခရစ်တော်​ပင်​ဖြစ်​၏။ 5သို့သော် ဘုရားသခင်​သည် သူ​တို့​ထဲမှ အများစု​ကို နှစ်သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် တော​ကန္တာရ​၌ သေကျေ​ပျက်စီး​ခဲ့​ကြ​ရ​၏။
6ဤ​အရာ​များ​ကား ထို​သူ​တို့​တပ်မက်​ခဲ့​ကြ​သကဲ့သို့ မကောင်း​သော​အရာ​များ​ကို ငါ​တို့​တပ်မက်​ခြင်း​မ​ရှိ​ကြ​စေရန် ငါ​တို့​အတွက်​နမူနာ​များ​အဖြစ် ဖြစ်ပျက်​ခဲ့​ကြ​၏။ 7“လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်တစ်ဖန် ထ​၍​ကခုန်​မြူးထူး​ကြ​၏”#ထွ 32:6။​ဟု ရေး​ထား​သည့်​အတိုင်း သင်​တို့​သည် ထို​သူ​အချို့​တို့​ကဲ့သို့ ရုပ်တု​ကိုးကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။ 8သူ​တို့​ထဲမှ အချို့​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သကဲ့သို့ ငါ​တို့​သည် တရားနှင့်မညီ​မေထုန်​ပြု​ခြင်း​အမှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်စို့။ သူ​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သဖြင့် တစ်​ရက်​အတွင်း လူ​နှစ်သောင်း​သုံးထောင်​သေဆုံး​ခဲ့​ကြ​၏။ 9သူ​တို့​ထဲမှ အချို့​တို့​သည် အကဲစမ်း​သကဲ့သို့ ငါ​တို့​သည် ခရစ်တော်​ကို အကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်စို့။ ထိုသို့​အကဲစမ်း​သော​သူ​တို့​သည် မြွေ​များ​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။ 10သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။ 11ဤ​အမှုအရာ​တို့​သည် နမူနာ​များ​အဖြစ် ထို​သူ​တို့​၌​ဖြစ်ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာလ​အဆုံး​ပိုင်း​၌ အသက်ရှင်​နေ​ကြ​သော​ငါ​တို့​ကို သတိပေး​ရန်​အတွက်​ဖြစ်​၏။ 12ထို့ကြောင့် ရပ်​နေ​သည်​ဟု​ထင်မှတ်​သော​သူ​သည် မ​လဲ​စေရန် သတိပြု​စေ။ 13လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။
ရုပ်တုကိုးကွယ်ခြင်းအတွက် သတိပေးချက်
14ထို့ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်တု​ကိုးကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။ 15သင်​တို့​အား ပညာ​သတိ​ရှိ​သော​သူ​ကို​ပြော​သကဲ့သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အရာ​ကို ဆင်ခြင်​သုံးသပ်​ကြ​လော့။ 16ငါ​တို့​ကျေးဇူး​တော်​ချီးမွမ်း​ရာ မင်္ဂလာ​ခွက်​သည် ခရစ်တော်​၏​သွေး​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ 17မုန့်​တစ်လုံးတည်း​ဖြစ်၍ အများ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်ခန္ဓာ​တစ်ခု​တည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား ငါ​တို့​အားလုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှဝေ​ခံယူ​ကြ​၏။ 18ဇာတိ​အားဖြင့် အစ္စရေး​လူမျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့် စပ်ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ 19သို့ဖြစ်လျှင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​သည် အရေးပါ​သော​အရာ​ဖြစ်​သည်​၊ သို့မဟုတ် ရုပ်တု​သည် အရေးပါ​သော​အရာ​ဖြစ်​သည်​ဟု ငါ​ဆိုလို​သလော။ 20ထိုသို့​မ​ဆိုလို။ သူ​တို့​ပူဇော်​သော​အရာ​များ​သည် ဘုရားသခင်​ထံ​ပူဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်ဆိုး​များ​ထံ​ပူဇော်​ကြ​ခြင်း​ဖြစ်​၏။#တရား 32:17။ ငါ​သည် သင်​တို့​ကို နတ်ဆိုး​တို့​နှင့် စပ်ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။ 21သင်​တို့​သည် သခင်​ဘုရား​၏​ခွက်​ကို​သောက်​လျှင် နတ်ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သခင်​ဘုရား​၏​စားပွဲ​ကို မျှဝေ​ခံယူ​လျှင် နတ်ဆိုး​တို့​၏​စားပွဲ​ကို မျှဝေ​ခံယူ​၍​မ​ရ​နိုင်။ 22ငါ​တို့​သည် သခင်​ဘုရား​အား သဝန်တို​စေ​ကြ​သလော။ ငါ​တို့​သည် ကိုယ်တော်​ထက် ခွန်အားကြီး​ကြ​သလော။
ခရစ်ယာန်၏လွတ်လပ်မှု
23ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် တည်ဆောက်​မြှင့်တင်​ပေး​သည်​မ​ဟုတ်။ 24မည်သူမျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူတိုင်း သူတစ်ပါး​အကျိုး​ကို​ရှာ​စေ။
25ဈေး​၌​ရောင်း​သမျှ​သော​အသား​ကို အသိစိတ်​အတွက်ကြောင့် စစ်ဆေး​မေးမြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။ 26အကြောင်းမူကား “မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိသမျှ​သော​အရာ​တို့​ကို ထာဝရ​ဘုရား​ပိုင်ဆိုင်​တော်မူ​၏။”#ဆာ 24:1။ 27မ​ယုံကြည်​သူ​တစ်စုံတစ်ယောက်​က သင်​တို့​ကို​ဖိတ်ခေါ်​၍ သင်​တို့​သွား​လို​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သမျှ​သော​အရာ​ကို အသိစိတ်​အတွက်ကြောင့် စစ်ဆေး​မေးမြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။ 28သို့သော် တစ်စုံတစ်ယောက်​က “ဤ​အရာ​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထိုသို့​ဆို​သော​သူ​အတွက်​လည်းကောင်း၊ အသိစိတ်​အတွက်​လည်းကောင်း ထို​အရာ​ကို​မ​စား​ကြ​နှင့်။ 29အသိစိတ်​ဟု​ဆို​ရာ​၌ သင်​တို့​၏​အသိစိတ်​ကို​ဆိုလို​သည်​မ​ဟုတ်​ဘဲ အခြား​သူ​၏​အသိစိတ်​ကို​ဆိုလို​၏။ အကြောင်းမူကား ငါ​၏​လွတ်လပ်​မှု​သည် သူတစ်ပါး​၏​အသိစိတ်​ဖြင့် အဘယ်ကြောင့် စီရင်​ခြင်း​ခံရ​မည်နည်း။ 30ငါ​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​စားသုံး​လျှင် ငါ​ကျေးဇူး​တော်​ချီးမွမ်း​သည့်​အရာ​အတွက် အဘယ်ကြောင့် စော်ကား​ပြောဆို​ခြင်း​ခံရ​မည်နည်း။
31ထို့ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်စေ၊ သောက်​သည်​ဖြစ်စေ၊ မည်သည့်​အမှု​ကို​ပြု​သည်​ဖြစ်စေ ခပ်သိမ်း​သော​အမှု​တို့​ကို ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ပြု​ကြ​လော့။ 32ဂျူး​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဂရိ​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဘုရားသခင်​၏​အသင်းတော်​အတွက်​ဖြစ်စေ မှားယွင်း​စရာ​အကြောင်း​မ​ဖြစ်​ကြ​နှင့်။ 33ထိုနည်းတူ ငါ​သည်​လည်း လူ​တို့​ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်​ကျိုး​ကို​မ​ရှာ​ဘဲ အများ​အကျိုး​ကို​ရှေးရှု​လျက် ခပ်သိမ်း​သော​အမှု​တို့​၌ လူ​အပေါင်း​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in