Лого на YouVersion
Иконка за търсене

ယောဟန် 9

9
မွေးရာပါ​မျက်မမြင်​တစ်ဦး​ကို မျက်စိ​မြင်စေတော်မူခြင်း
1ယေရှု​သည် လမ်းလျှောက်ကြွတော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်ဦး​ကို တွေ့မြင်တော်မူ၏။ 2တပည့်တော်တို့​က “ဆရာတော်#9:2 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ဤ​သူ​သည် အဘယ်ကြောင့် မျက်စိ​မမြင်ဘဲ မွေးဖွားလာရသနည်း။ သူ​၏ အပြစ်ကြောင့်လော။ မိဘများ​၏ အပြစ်ကြောင့်လော” ဟု မေးလျှောက်ကြ၏။
3ယေရှု​က “သူ​၏​အပြစ်​ကြောင့် မဟုတ်။ မိဘများ​၏ အပြစ်​ကြောင့်လည်း မဟုတ်။ ဘုရားသခင်​၏​တန်ခိုးတော် သူ့​အပေါ်​ထင်ရှား​စေရန်​ဖြစ်၏။ 4ငါ့​ကို စေလွှတ်တော်မူသော​အရှင်​၏ အမှုကိစ္စတို့​ကို နေ့အချိန်​၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်​နိုင်သော​ညအချိန် ရောက်လာ​လိမ့်မည်။ 5ငါ​သည် ဤ​လောက​တွင် ရှိ​နေစဉ် လောက​၏ အလင်း​ဖြစ်၏” ဟု မိန့်တော်မူ၏။
6ထို့နောက် မြေ​ပေါ်​သို့ တံတွေး​ထွေးပြီး​လျှင် ရွှံ့​လုပ်​၍ ထို​မျက်မမြင်​၏ မျက်စိ​ပေါ်၌ လိမ်းတော်မူ၏။ 7မျက်မမြင်​ကိုလည်း “ရှိလောင်​ရေကန်​သို့ သွား​၍ ဆေးကြောလော့” ဟု မိန့်တော်မူ၏။ ရှိလောင်​၏ အဓိပ္ပာယ်​မှာ “စေလွှတ်သည်” ဟု ဆိုလို၏။ ထို​သူ​သည် သွား​၍ ဆေးကြော​ပြီး​သောအခါ မျက်စိမြင်​သဖြင့် အိမ်​သို့ ပြန်လေ၏။
8ထို့ကြောင့် သူ​၏ အိမ်နီးချင်းများ​နှင့် ယခင်​က သူ့​ကို မျက်မမြင်​သူတောင်းစား​အဖြစ် သိကြသော​သူများ​က “ဤ​သူ​သည် ထိုင်​လျက် တောင်းစားနေခဲ့သူ မဟုတ်လော” ဟု အချင်းချင်း​ပြောဆိုကြ၏။ 9တချို့​က “ထို​သူ​ပင်​ဖြစ်၏” ဟု ဆိုကြ၏။ တချို့​က “ထို​သူ မဟုတ်ပါ။ သူ​နှင့် တူသော​သူ​ဖြစ်၏” ဟူ၍​လည်း ပြောဆိုကြ၏။ ထို​သူ​က “ကျွန်ုပ်​သည် ထို​သူ​ပင် ဖြစ်ပါ၏” ဟု ဆိုလေ၏။
10ထိုအခါ လူတို့​က “သို့ဖြစ်လျှင် သင့်​မျက်စိ မည်သို့​မြင်လာသနည်း” ဟု မေးမြန်းကြ၏။
11ထို​သူ​က “ယေရှု ဆိုသူ​သည် ရွှံ့​လုပ်​၍ ကျွန်ုပ်​မျက်စိ​ကို လိမ်း​ပြီးလျှင် ‘ရှိလောင်​ရေကန်​သို့ သွား​၍ ဆေးကြောလော့’ ဟု ဆို၏။ ထို့ကြောင့် ကျွန်ုပ်​သွား​၍ ဆေးကြော​သောအခါ မျက်စိ​မြင်လာပါသည်” ဟု ဖြေလေ၏။
12သူတို့​က “ထို​သူ​သည် အဘယ်​မှာ ရှိသနည်း” ဟု မေးကြ​သော် ထို​သူ​က “ကျွန်ုပ်​မသိပါ” ဟု ဆို၏။
13သူတို့​သည် မျက်မမြင်​ဖြစ်ခဲ့ဖူးသော ထို​သူ​ကို ဖာရိရှဲတို့​ထံ ခေါ်ဆောင်သွားကြ၏။ 14ယေရှု ရွှံ့​လုပ်​၍ ထို​သူ​၏ မျက်စိ​ကို မြင်စေသော​နေ့​သည် ဥပုသ်နေ့​ဖြစ်၏။ 15ဖာရိရှဲတို့​ကလည်း သူ​၏ မျက်စိ​မြင်လာပုံ​ကို မေးမြန်းကြ၏။ ထို​သူ​က “သူ​သည် ရွှံ့လုပ်​၍ ကျွန်ုပ်​မျက်စိ​ကို လိမ်း၏။ ကျွန်ုပ်​သည် မျက်စိ​ကို ဆေးကြော​လိုက်​သောအခါ မြင်လာပါသည်” ဟု ဖြေလေ၏။
16ထို့ကြောင့် ဖာရိရှဲ​တချို့​က “သူ​သည် ဥပုသ်နေ့​တွင် အလုပ်လုပ်​သောကြောင့် ဘုရားသခင်​ထံတော်မှ လာသော​သူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့​က “သာမန်လူ အပြစ်သား​တစ်ဦး​သည် ထိုကဲ့သို့သော နိမိတ်​လက္ခဏာ​ကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့​အချင်းချင်း သဘောထား​ကွဲလွဲကြ၏။
17ဖာရိရှဲတို့​က ထို​မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​အား “သင့်​ကို မျက်စိ​မြင်အောင် သူ​သည် ပြုခဲ့သည်​ဖြစ်​၍ သင်​ပြောလော့။ သူ​သည် မည်သို့သော​သူ ဖြစ်မည်နည်း” ဟု ထပ်မံ​၍ မေးကြ၏။ ထို​သူ​ကလည်း “သူ​သည် ပရောဖက်​တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။
18ထိုအခါ ဂျူးလူမျိုး​ခေါင်းဆောင်တို့​က ထို​သူ​သည် ယခင်​က မျက်စိမမြင်ဘဲ ယခု​မြင်လာသည်​ကို မယုံကြည်​သဖြင့် သူ​၏ မိဘများ​ကို ခေါ်​၍ 19“ဤ​သူ​သည် သင်တို့​၏​သား ဟုတ်သလော။ သူ​သည် မွေးရာပါ​မျက်မမြင် ဖြစ်သလော။ မည်သို့ သူ​သည် ယခု မျက်စိ​မြင်သနည်း” ဟု မေးမြန်းကြ၏။
20သူ​၏ မိဘများ​ကလည်း “သူ​သည် ကျွန်ုပ်တို့​၏​သား ဖြစ်ပါ၏။ မွေးရာပါ​မျက်မမြင်သော​သူလည်း​ဖြစ်ပါ၏။ 21သို့သော် ယခု သူ​မည်သို့ မျက်စိ​မြင်လာသည်​ကို ကျွန်ုပ်တို့​မသိပါ။ မည်သူ​က သူ့​မျက်စိ​ကို မြင်စေခဲ့သည်​ကိုလည်း ကျွန်ုပ်တို့​မသိပါ။ သူ့​ကို​သာ မေးပါ။ သူ​သည်လည်း အရွယ်ရောက်ပြီ​ဖြစ်​သောကြောင့် သူ​ကိုယ်တိုင် ပြောပါ​လိမ့်မည်” ဟု ဖြေကြ၏။ 22ဤသို့ ဖြေရခြင်း​မှာ သူတို့​သည် ဂျူးလူမျိုး​ခေါင်းဆောင်တို့​ကို ကြောက်ရွံ့​သောကြောင့်​ဖြစ်၏။ ဂျူးလူမျိုး​ခေါင်းဆောင်တို့​က ယေရှု​ကို ခရစ်တော်#9:22 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်သည်​ဟု ဝန်ခံသောသူ​ကို ဂျူး​ဝတ်ပြုဆောင်​မှ ထုတ်ပယ်မည်​ဟု ကြေညာထားကြ၏။
23သို့ဖြစ်၍ သူ​၏ မိဘများ​က “သူ​သည်လည်း အရွယ်ရောက်ပါပြီ။ သူ့​ကို​မေးပါ” ဟု ဆိုကြခြင်း​ဖြစ်၏။
24ထို့ကြောင့် သူတို့​သည် မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​ကို ဒုတိယအကြိမ် ခေါ်​၍ “ဤ​အရာ​အတွက် ဘုရားသခင်​ရှေ့တော်​တွင် အမှန်​အတိုင်း ပြောလော့။ ထို​ယေရှု​သည် အပြစ်သား​ဖြစ်ကြောင်း ငါတို့​သိကြ၏” ဟု ဆိုကြ၏။
25ထို​သူက “သူ​သည် အပြစ်သား​ဖြစ်သည်၊ မဖြစ်သည်​ကို ကျွန်ုပ်​မသိပါ။ ကျွန်ုပ်​သိသည်​မှာ ယခင်​က ကျွန်ုပ်​သည် မျက်မမြင်​ဖြစ်ခဲ့၏။ သို့သော် ယခု မျက်စိ​မြင်ပြီ” ဟု ဖြေဆို၏။
26ထိုအခါ သူတို့​က “သူ​သည် သင့်​ကို မည်သို့​ပြုသနည်း။ သင့်​မျက်စိ​ကို မည်သို့​မြင်စေသနည်း” ဟု မေးကြပြန်၏။
27ထို​သူ​က “သင်တို့​ကို ကျွန်ုပ် ပြောခဲ့ပြီ။ သို့သော် သင်တို့​သည် နားမထောင်ကြ။ အဘယ်ကြောင့် ထပ်မံ ကြားလိုကြသနည်း။ သင်တို့​သည်လည်း သူ​၏ တပည့်​ဖြစ်လိုကြသလော” ဟု ဆိုလေ၏။
28ထိုအခါ ဖာရိရှဲတို့​က သူ့​အား “သင်​သည်သာ သူ​၏ တပည့်​ဖြစ်၏။ ငါ​တို့​မှာ မောရှေ​၏ တပည့်များ​ဖြစ်ကြ၏။ 29ဘုရားသခင်​သည် မောရှေ​ကို မိန့်မြွက်ပြောဆိုသည်​ကို ငါတို့​သိကြ၏။ ဤ​သူ​သည် အဘယ်က​လာသည်​ကိုပင် ငါတို့​မသိပါ” ဟု ကဲ့ရဲ့​ရှုတ်ချ​လျက် ဆိုကြ၏။
30ထို​သူ​က “သူ​သည် ကျွန်ုပ်​ကို မျက်စိ​မြင်စေခဲ့​သော်လည်း သင်တို့​က ထို​သူ​အဘယ်က​လာသည်​ကို မသိသည်​မှာ အံ့ဖွယ်​ကောင်းလှ၏။ 31ဘုရားသခင်​သည် အပြစ်သားတို့​၏ စကား​ကို နားထောင်တော်​မမူကြောင်း ကျွန်ုပ်တို့​သိကြ၏။ သို့သော် ဘုရားသခင်​ကို ကိုးကွယ်​၍ အလိုတော်​ကို လိုက်နာသော​သူ​၏ စကား​ကိုမူ ဘုရားသခင်​နားထောင်တော်မူ၏။ 32မွေးရာပါ​မျက်မမြင်​ကို မျက်စိမြင်စေခြင်း​အကြောင်း ကမ္ဘာဦး​မှစ၍ မည်သည့်​အခါ​ကမျှ မကြားခဲ့ဖူးပါ။ 33ဤ​သူ​သည် ဘုရား​ထံတော်မှ ကြွလာသူ​မဟုတ်​လျှင် ဤ​အမှု​ကို ပြုနိုင်မည်​မဟုတ်” ဟု ဆိုလေ၏။
34သူတို့​ကလည်း “သင်​သည် အပြစ်​အပြည့်​နှင့် မွေးလာသူ​ဖြစ်​လျက်နှင့်​ပင် ငါတို့​ကို သွန်သင်နေသလော” ဟု ဆို​ကာ ဝတ်ပြုဆောင်​မှ နှင်ထုတ်ကြ၏။
ဝိညာဉ်​မျက်စိကန်းခြင်း
35ထိုသို့ နှင်ထုတ်သည့်​အကြောင်း​ကို ယေရှု​ကြားသိ​ပြီးနောက် ထို​သူ​ကို တွေ့မြင်တော်မူ​သော် “သင်​သည် လူသား#9:35 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ကို#9:35 “လူသား​ကို” အချို့​မူရင်းကျမ်းများ​တွင် “ဘုရားသခင်​၏ သားတော်​ကို” ဟု ဖော်ပြထားသည်။ ယုံကြည်သလော” ဟု မေးတော်မူ၏။
36ထို​သူ​က “သခင်… အကျွန်ုပ်​ယုံကြည်​လိုပါ၏။ ထို​သူ မည်သူ​ဖြစ်သည်​ကို ပြောပြပေးပါ” ဟု လျှောက်လေ၏။
37ယေရှု​က “သူ့​ကို သင်​မြင်ဖူးပြီ။ သူ​သည် ယခု​သင်​နှင့် စကားပြောနေသော​သူ ဖြစ်၏” ဟု မိန့်တော်မူ၏။
38ထိုအခါ သူ​က “အကျွန်ုပ် ယုံကြည်ပါ၏ သခင်” ဟု ဆိုကာ ပျပ်ဝပ်​ကိုးကွယ်လေ၏။
39ထိုအခါ ယေရှု​က “မျက်မမြင်များ မျက်စိမြင်​စေရန်​နှင့် မျက်စိမြင်သော​သူများ​ကို မျက်စိကန်း​စေရန်​ဟူသည့် တရားစီရင်ခြင်း​အတွက် ဤ​လောက​သို့ ငါ​ကြွလာ၏” ဟု မိန့်တော်မူ၏။
40ယေရှု​အနီး​၌ ရှိနေသော ဖာရိရှဲ​တချို့​က ထို​စကားတော်​ကို ကြား​သောအခါ “ငါတို့​သည် မျက်မမြင်​ဖြစ်ကြသလော” ဟု ဆိုကြ၏။
41ယေရှု​က သူတို့​အား “သင်တို့​သည် မျက်မမြင်​ဖြစ်​ပါက အပြစ်​မရှိ။ သို့သော် သင်တို့​က ‘ငါတို့​သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့​တွင် အပြစ်​ရှိနေသေးသည်” ဟု မိန့်တော်မူ၏။

Избрани в момента:

ယောဟန် 9: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте