Лого на YouVersion
Иконка за търсене

ယောဟန် 7

7
ယေရှု​နှင့် ညီတော်များ
1ထို့နောက် ယေရှု​သည် ဂါလိလဲပြည်​၌ လှည့်လည်တော်မူ၏။ ဂျူး​ခေါင်းဆောင်တို့​သည် ကိုယ်တော်​ကို သတ်​ရန် ရှာကြံ​လျက်​ရှိ​သောကြောင့် ကိုယ်တော်​သည် ယုဒပြည်​၌ လှည့်လည်​ရန် အလို​ရှိတော်မမူပေ။ 2ထို​အချိန်​တွင် ဂျူး​လူမျိုးတို့​၏ ယာယီတဲများ​ပွဲတော်#7:2 ယာယီတဲများ​ပွဲတော်​ဟူသည်​မှာ အစ္စရေးလူမျိုးများ တောကန္တာရ​တွင် လှည့်လည်​စဉ်က နေထိုင်ခဲ့ကြသည့် ယာယီ​တဲများ​ကို အစွဲပြု​၍ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်​ပြီးနောက် ကျင်းပကြသော​ပွဲ​ဖြစ်သည်။ ကျင်းပချိန်​နီးကပ်လာ၏။ 3ထိုအခါ ယေရှု​၏ ညီတော်များ​က “သင်​ပြုသော အံ့ဖွယ်အမှုတို့​ကို သင်​၏​တပည့်များ မြင်​နိုင်ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒပြည်​သို့ သွားပါလော့။ 4ထင်ပေါ်ကျော်ကြား​လိုသော​သူ​သည် မည်သည့်​အမှုကိစ္စ​ကို​မျှ လျှို့ဝှက်​စွာ ပြုလေ့​မရှိပါ။ ဤကဲ့သို့သော​အံ့ဖွယ်အမှုများ​ကို သင်​ပြုသည်​ဆိုလျှင် သင့်​အကြောင်း​ကို ကမ္ဘာ​သိအောင်​ပြုပါလော့” ဟု ဆိုကြ၏။ 5ထိုသို့​ဆိုကြခြင်း​မှာ ညီတော်များ​ကပင် ယေရှု​ကို မယုံကြည်ကြ​သောကြောင့်​ဖြစ်၏။
6ယေရှု​က “ငါ့​အချိန် မကျရောက်သေး။ သို့သော် သင်တို့​၏ အချိန်​မှာမူ အစဉ်​ကျရောက်​လျက်​ရှိ၏။ 7လောကီသားတို့​သည် သင်တို့​ကို မုန်းစရာ​အကြောင်း မရှိကြ။ ငါ့​ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် သူတို့​၏ အကျင့်ဆိုးများ​ကို ဖော်ထုတ်ပြောဆို​သောကြောင့်​ဖြစ်၏။ 8ထို​ပွဲတော်​သို့ သင်တို့​သွားကြလော့။ ငါ့​အချိန် မကျသေး​သောကြောင့် ငါ​သည် မသွားပါ” ဟု မိန့်တော်မူ၏။ 9ထိုသို့ မိန့်တော်မူ​ပြီးနောက် ယေရှု​သည် ဂါလိလဲပြည်​၌ နေရစ်တော်မူ၏။
ဗိမာန်တော်​၌ လူသိရှင်ကြား သွန်သင်တော်မူခြင်း
10သို့ရာတွင် ထို​ပွဲတော်​သို့ ညီတော်များ ထွက်ခွာသွားကြ​ပြီးနောက် ယေရှု​သည်လည်း မထင်မရှား​ကြွတော်မူ၏။ 11ထို​ပွဲ​တွင် ဂျူးခေါင်းဆောင်များ​က ယေရှု​ကို ရှာဖွေ​လျက် “ယေရှု​သည် အဘယ်​မှာ ရှိသနည်း” ဟု မေးမြန်းကြ၏။ 12လူထု အထဲ​တွင်လည်း ကိုယ်တော်​အကြောင်း​ကို အမျိုးမျိုး​တီးတိုး​ပြောဆို​လျက်​ရှိကြ၏။ တချို့​က “သူ​သည် သူတော်ကောင်း​တစ်ဦး​ဖြစ်သည်” ဟု ဆိုကြ၏။ တချို့​ကမူ “သူတော်ကောင်း မဟုတ်။ သူ​သည် လူထု​ကို လှည့်ဖြားသူ​ဖြစ်သည်” ဟု ဆိုကြ၏။ 13သို့သော်လည်း ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သောကြောင့် ယေရှု​အကြောင်း​ကို မည်သူ​မျှ ပွင့်လင်း​စွာ မပြောဝံ့ကြပေ။
14ပွဲတော်​ကာလ တစ်ဝက်​ခန့်​တွင် ယေရှု​သည် ဗိမာန်တော်​သို့ ကြွ​၍ သွန်သင်တော်မူ၏။ 15ထိုအခါ ဂျူးခေါင်းဆောင်များ​က အံ့အားသင့်​လျက် “ဤ​သူ​သည် ကျမ်းများ​ကို မသင်ယူဘဲ မည်သို့​တတ်မြောက်​နေပါသနည်း” ဟု ပြောဆိုကြ၏။
16ထိုကြောင့် ယေရှု​က “ငါ​ဟောသော သွန်သင်ချက်​သည် ငါ့​ကိုယ်ပိုင်​မဟုတ်။ ငါ့​ကို စေလွှတ်တော်မူသော​အရှင်​၏ သွန်သင်ချက်​ဖြစ်၏။ 17ဘုရားသခင်​၏​အလိုတော်​အတိုင်း လိုက်နာ​လိုသောသူ​ဖြစ်လျှင် ဤ​သွန်သင်ချက်​သည် ဘုရားသခင်​၏​သွန်သင်ချက်​ဖြစ်သလော၊ ငါ့​ကိုယ်ပိုင်​သွန်သင်ချက်​ဖြစ်သလော​ဟူသည်​ကို ပိုင်းခြားသိမြင်​လိမ့်မည်။ 18မိမိ​ခံယူချက်​အတိုင်း ဟောပြောသော​သူ​သည် မိမိ​ဘုန်းအသရေ​ကို ရှာတတ်၏။ သို့သော် မိမိ​ကို စေလွှတ်တော်မူသော​အရှင်​၏ ဘုန်းအသရေ​ကို ရှာသော​သူ​သည် ဖြောင့်မှန်သောသူ​ဖြစ်ပြီး မလိမ်ညာတတ်။ 19မောရှေ​သည် သင်တို့​အား ပညတ်တရား​ကို ပေးခဲ့သည်​မဟုတ်လော။ သို့သော် သင်တို့​ထဲမှ မည်သူ​ကမျှ ထို​ပညတ်ကျမ်း​ကို မလိုက်နာကြ။ သင်တို့​သည် အဘယ်ကြောင့် ငါ့​ကို သတ်​ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။
20လူထု​က “သင်​သည် နတ်ဆိုးပူးနေသော​သူ​ဖြစ်၏။ မည်သူ​သည် သင့်​ကို သတ်​ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။
21ယေရှု​က “ဥပုသ်နေ့​၌ အံ့ဖွယ်အမှု​တစ်ခု​ကို ငါ​ပြု​သော် သင်တို့​သည် အံ့ဩကြ၏။ 22မောရှေ​သည် အရေပြားလှီးခြင်း​ဓလေ့​ကို သင်တို့​အား ပေးခဲ့​သောကြောင့် သင်တို့​သည်လည်း ဥပုသ်နေ့​၌ အရေပြားလှီးခြင်း​မင်္ဂလာ​ကို လူတို့​အား ပေးကြ၏။ အမှန်စင်စစ် ဤ​ဓလေ့​သည် မောရှေ​ထံမှ မဟုတ်ဘဲ ဘိုးဘေးများ​ထံမှ​လာ၏။ 23လူတစ်ဦး​သည် ဥပုသ်နေ့​တွင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို​ခံ​ရန် အချိန်ကျ​သော် သင်တို့​သည် မောရှေ​၏ ပညတ်ကျမ်း​ကို မချိုးဖောက်လို​သဖြင့် ထို​သူ​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ပေးကြ၏။ သို့ဖြစ်လျှင် ငါ​သည် ဥပုသ်နေ့​၌ လူတစ်ဦး​ကို ကျန်းမာစေသည့်​အတွက် သင်တို့​သည် အဘယ်ကြောင့် ငါ့​ကို အမျက်ထွက်ကြသနည်း။ 24အပြင်ပန်း​လက္ခဏာ​ကို ကြည့်​၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှု​သည် ခရစ်တော်​ဖြစ်သလော
25ဂျေရုဆလင်မြို့သား တချို့​က “ငါတို့​ခေါင်းဆောင်များ သတ်​ရန် ရှာကြံနေကြသော​သူ​မှာ ဤ​သူ မဟုတ်လော။ 26သူ​သည် လူသိရှင်ကြား ဟောပြောနေ​သော်လည်း သူတို့​သည် မတားမြစ်ကြပါ။ ဤ​သူ​သည် ခရစ်တော်#7:26 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်ကြောင်း​ကို ငါတို့​၏​ခေါင်းဆောင်များ​က အမှန်​ပင် သိကြပြီလော။ 27သို့သော်လည်း ဤ​သူ​သည် အဘယ်​က လာသည်​ကို ငါတို့​သိကြ၏။ ခရစ်တော် ကြွလာတော်မူ​သောအခါ​တွင်မူ အဘယ်က​လာသည်​ကို မည်သူ​မျှ သိမည်​မဟုတ်ပါ” ဟု ပြောဆိုကြ၏။
28ဗိမာန်တော်​၌ သွန်သင်တော်မူ​စဉ် ယေရှု​က “ငါ​သည် မည်သူ​ဖြစ်ကြောင်း​နှင့် အဘယ်က​လာကြောင်း​ကို သင်တို့​သိကြ၏။ သို့ရာတွင် ငါ​သည် မိမိ​သဘော​နှင့် လာသည်​မဟုတ်ပါ။ ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​သည် စစ်မှန်သော​အရှင် ဖြစ်တော်မူ၏။ ထို​အရှင်​ကို သင်တို့​မသိကြ။ 29သို့သော် ငါ​သိ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ထို​အရှင်​ထံတော်​မှ လာ၏။ ထို​အရှင်​သည်လည်း ငါ့​ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။ 30ထိုအခါ ဂျူးခေါင်းဆောင်များ​သည် ယေရှု​ကို ဖမ်းဆီး​ရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု​၏​အချိန် မကျရောက်သေး​သောကြောင့် မည်သူ​မျှ မဖမ်းဆီးကြပေ။
31သို့ရာတွင် လူထု​အထဲမှ အများအပြားတို့​သည် ယေရှု​ကို ယုံကြည်ကြ​သဖြင့် “ခရစ်တော်​ကြွလာ​သောအခါ ဤ​သူ ပြုသည်​ထက် ပို၍​များသော​နိမိတ်​လက္ခဏာများ​ကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။
32ထိုသို့ လူတို့​တီးတိုး​ပြောဆိုနေကြသည်​ကို ဖာရိရှဲများ ကြား​သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် တိုင်ပင်​၍ ယေရှု​ကို ဖမ်းဆီး​ရန် ဗိမာန်တော်​အစောင့်များ​ကို စေလွှတ်လိုက်ကြ၏။ 33သို့သော် ယေရှု​က “ငါ​သည် သင်တို့​နှင့်အတူ ခဏ​သာ နေရ​လိမ့်မည်။ ထို့နောက် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ထံသို့ ပြန်ရမည်။ 34သင်တို့​သည် ငါ့​ကို ရှာ​သော်လည်း တွေ့ကြ​လိမ့်မည်​မဟုတ်။ ငါ​သွားမည့် အရပ်​သို့လည်း လိုက်နိုင်ကြမည်​မဟုတ်” ဟု မိန့်တော်မူ၏။
35ဂျူးခေါင်းဆောင်များ​က “ငါတို့ မတွေ့​နိုင်အောင် သူ​သည် မည်သည့်​အရပ်​သို့ သွား​ရန် ကြံစည်​နေပါသနည်း။ ဂရိလူမျိုးများ​ကြားတွင် ပျံ့နှံ့​နေထိုင်​လျက်​ရှိသော ငါတို့​ဂျူးလူမျိုးများ​ထံသို့ သွား​၍ ဂရိလူမျိုးတို့​ကိုပင် သွန်သင်​ရန် ကြံစည်နေသလော။ 36သူ​ပြောဆိုသည့် ‘သင်တို့​သည် ငါ့​ကို ရှာ​သော်လည်း တွေ့ကြ​လိမ့်မည်​မဟုတ်။ ငါ​သွားမည့် အရပ်​သို့လည်း လိုက်နိုင်ကြမည်​မဟုတ်’ ဟူသော စကား​သည် မည်သည့်​အဓိပ္ပာယ်​ကို ဆိုလိုသနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
အသက်စမ်းရေ​ကို ပေးမည်​ဟူသော ကတိတော်
37ပွဲတော်​၏ နောက်ဆုံး​နေ့​ဖြစ်သော ရက်မြတ်ကြီး​တွင် ယေရှု​သည် ရပ်တော်မူ​လျက် “ရေငတ်သော​သူ ရှိ​လျှင် ငါ့​ထံသို့​လာ​၍ သောက်လော့။ 38ကျမ်းစာ​၌ ပါရှိသည့်​အတိုင်း ငါ့​ကို ယုံကြည်သော​သူ​၏ စိတ်နှလုံး​အထဲမှ အသက်​စမ်းရေ စီးထွက်​လိမ့်မည်” ဟု ကြွေးကြော်တော်မူ၏။ 39ယေရှု​မိန့်တော်မူသော အသက်စမ်းရေ​သည် ယုံကြည်သော​သူတို့ လက်ခံရရှိ​မည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ရည်ညွှန်းခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှု​သည် ဘုန်းပွင့်တော်မမူ​သေး​သောကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ထို​သူတို့​အပေါ် သက်ရောက်စေတော်​မမူသေးပေ။
သဘော​ကွဲလွဲခြင်း​နှင့် မယုံကြည်ခြင်း
40ဤ​စကားတော်များ​ကို ကြားသော် လူထု​ထဲမှ​တချို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက်​ဖြစ်သည်” ဟု ပြောဆိုကြ၏။ 41အခြားသော​သူများ​က “ဤ​သူ​သည် ခရစ်တော်​ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့​က “ခရစ်တော်​သည် ဂါလိလဲပြည်​မှ ပေါ်ထွန်းပါမည်လော။ 42ကျမ်းစာ​၌ ခရစ်တော်​သည် ဒါဝိဒ်မင်း​၏​အမျိုး၊ ဒါဝိဒ်မင်း​၏​မွေးရပ် ဗက်လင်မြို့​မှ ပေါ်ထွန်း​လိမ့်မည်​ဟု ဖော်ပြထား​သည် မဟုတ်လော” ဟု ဆိုကြ၏။ 43ထိုသို့ ယေရှု​အကြောင်း​နှင့်​ပတ်သက်၍ လူထု​ထဲ​၌ သဘောထား​ကွဲလွဲကြ၏။ 44တချို့​က ယေရှု​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း မည်သူမျှ မဖမ်းဆီးကြပေ။
45ဗိမာန်တော်​အစောင့်များ​သည် ယေရှု​ကို​မဖမ်းဆီးဘဲ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲများ​ထံသို့ ပြန်လာ​သော် သူတို့​က “အဘယ်ကြောင့် သူ့​ကို မဖမ်းဆီးခဲ့သနည်း” ဟု မေးကြ၏။
46ဗိမာန်တော်​အစောင့်များ​က “ထို​သူ ဟောပြော​သကဲ့သို့ မည်သူ​မျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။
47ထိုအခါ ဖာရိရှဲများ​က “သင်တို့​သည်လည်း သူ​၏ လှည့်စားခြင်း​ကို ခံရကြပြီလော။ 48ငါတို့​ခေါင်းဆောင်တို့​နှင့် ဖာရိရှဲတို့​တွင် သူ့​ကို ယုံကြည်ခဲ့သူ တစ်စုံတစ်ဦး​ပင် ရှိသလော။ 49ပညတ်ကျမ်း​ကို နားမလည်ကြသော ဤ​လူထု​သည် သူ့​နောက်သို့ လိုက်ကြ၏။ ဘုရားသခင်​၏ ကျိန်ဆိုခြင်း​သည် သူတို့​အပေါ်​၌ ရှိ၏” ဟု ပြောဆိုကြ၏။
50ထို​သူတို့​ထဲတွင် နိကောဒင်​လည်း ပါ၏။ သူ​သည် ယခင်​က ယေရှု​ထံတော်သို့ လာခဲ့ဖူး၏။ 51နိကောဒင်​က “ငါတို့​၏ ပညတ်ကျမ်း​အရ လူတစ်ဦး​ကို အမှု​စစ်ဆေးခြင်း​မပြုမီ သူ့​ထံမှ​ဦးစွာ​မကြား၊ သူ​ပြုနေသော​အမှု​ကိုလည်း​မသိဘဲ ထို​သူ​ကို စီရင်ချက်​ချနိုင်သလော” ဟု ဆိုလေ၏။
52ထို​သူတို့​က “သင်​သည်လည်း ဂါလိလဲပြည်သား​ဖြစ်သလော။ ကျမ်းစာ​၌ ရှာဖွေ​လေ့လာလော့။ ဂါလိလဲပြည်​မှ မည်သည့်​ပရောဖက်​မျှ မပေါ်ထွန်းကြောင်း​ကို သင်​သိရ​လိမ့်မည်” ဟု ဆိုကြ၏။
53ထို့နောက် ဆွေးနွေးခြင်း​ကို အဆုံးသတ်​၍ လူတိုင်း မိမိ​အိမ်​သို့ ပြန်သွားကြ၏။

Избрани в момента:

ယောဟန် 7: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте