Лого на YouVersion
Иконка за търсене

ယောဟန် 4

4
ယေရှု​နှင့် ရှမာရိ​အမျိုးသမီး
1-3ယေရှု​သည် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာ​ပေးတော်မမူ။ တပည့်တော်တို့​က​သာလျှင် ပေးကြ၏။ သို့သော်လည်း ယေရှု​သည် ယောဟန်​ထက် ပို​၍​များသော​သူတို့​ကို တပည့်တော်​ဖြစ်စေ​၍ နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ​လျက်​ရှိသည်​ဟု ဖာရိရှဲတို့​ကြားသိကြောင်း​ကို ယေရှု​သိတော်မူ​သောအခါ ယုဒပြည်​မှ ထွက်ခွာ​၍ ဂါလိလဲပြည်​သို့ ကြွတော်မူ၏။
4ထို​လမ်းခရီး​တွင် ရှမာရိပြည်​ကို ဖြတ်​၍ ကြွရ၏။ 5ဤသို့ဖြင့် ရှမာရိပြည်​ရှိ ရှုခါမြို့​သို့ ရောက်တော်မူ၏။ ထို​မြို့​သည် ယာကုပ်​က သားဖြစ်သူ​ယောသပ်​အား ပေးခဲ့သော​မြေကွက်​အနီး​တွင် တည်ရှိ၏။ 6ထို​နေရာ​တွင် ယာကုပ်​၏ ရေတွင်း​ရှိ၏။ ယေရှု​သည် ခရီးပန်းတော်မူ​သဖြင့် ရေတွင်း​အနီး​၌ ထိုင်တော်မူ၏။ ထို​အချိန်​သည် မွန်းတည့်ချိန်​ခန့်#4:6 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဆဋ္ဌမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဆဋ္ဌမ​နာရီ” ဟု ဆိုရာ​တွင် မွန်းတည့် ဆယ့်နှစ်​နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​ဖြစ်၏။ 7ထိုစဉ် ရှမာရိ​အမျိုးသမီး​တစ်ဦး​သည် ရေခပ်​ရန် ရောက်လာ၏။ ယေရှု​က “သောက်ရေ​အနည်းငယ်​တိုက်ပါ” ဟု မိန့်တော်မူ၏။ 8ထို​အချိန်​သည် တပည့်တော်တို့​မှာ အစားအစာ​ဝယ်​ရန် မြို့​ထဲသို့ သွားနေ​ခိုက်​ဖြစ်၏။
9ထို​ရှမာရိ​အမျိုးသမီး​က “သင်​သည် ဂျူးလူမျိုး​ဖြစ်​လျက်နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်သော ကျွန်မ​ထံမှ သောက်ရေ​ကို အဘယ်ကြောင့်​တောင်းသနည်း” ဟု အံ့အားသင့်​စွာ မေးလေ၏။ ထိုသို့​မေးရခြင်း​မှာ ဂျူးလူမျိုးတို့​သည် ရှမာရိလူမျိုးတို့​နှင့် ပေါင်းသင်းဆက်ဆံခြင်း​မပြုကြ​သောကြောင့်​ဖြစ်၏။
10ယေရှု​က “သင့်​အတွက် ဘုရားသခင်​ပေးတော်မူမည့် လက်ဆောင်​ကို​လည်းကောင်း၊ သင့်​ထံမှ သောက်ရေ​ကို တောင်းသောသူ​သည် မည်သူ​ဖြစ်ကြောင်း​ကို​လည်းကောင်း သင်​သိ​ပါက သင်​သည် ငါ့​ထံမှ ရေ​ကို တောင်း​လိမ့်မည်။ ငါ​သည်လည်း အသက်ရေ​ကို သင့်​အား ပေး​လိမ့်မည်” ဟု ဖြေတော်မူ၏။
11အမျိုးသမီး​က “သခင့်​မှာ ရေ​ခပ်စရာပုံး​လည်း မရှိပါ။ ဤ​ရေတွင်း​သည်လည်း အလွန်​နက်၏။ အသက်ရေ​ကို အဘယ်​မှ ရမည်နည်း။ 12သခင်​သည် ဤ​ရေတွင်း​ကို ပေးသော ကျွန်မတို့​၏ ဖခင်ကြီး​ယာကုပ် ထက်​ပင် ပို​၍ ကြီးမြတ်သလော။ သူ​အပါအဝင် သူ​၏​သားသမီးများ​နှင့် တိရစ္ဆာန်များ​သောက်ကြသည့် ဤ​ရေ​ထက် ပို၍​ကောင်းသော​ရေ​ကို သခင်​သည် မည်သို့​ပေးနိုင်မည်နည်း” ဟု မေးလျှောက်၏။
13ယေရှု​က “ဤ​ရေ​ကို သောက်သောသူ​သည် နောက်ထပ်​ရေငတ်​ဦးမည်။ 14ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။
15အမျိုးသမီး​က “သခင်… ထို​ရေ​ကို ကျွန်မ​အား ပေးတော်မူပါ။ သို့ဖြစ်လျှင် ကျွန်မ​သည်လည်း နောက်ထပ် ရေငတ်တော့မည်​မဟုတ်ပါ။ ဤ​နေရာ​သို့ လာ​၍ ရေခပ်​ရန်လည်း လိုတော့မည်​မဟုတ်ပါ” ဟု လျှောက်၏။
16ယေရှု​က “သင့်​ခင်ပွန်း​ကို သွား​၍ ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။
17အမျိုးသမီး​က “ကျွန်မ​တွင် ခင်ပွန်း​မရှိပါ” ဟု လျှောက်၏။ ယေရှု​ကလည်း “သင်​က ‘ကျွန်မ​တွင် ခင်ပွန်း​မရှိပါ’ ဟု ပြောသည်​မှာ မှန်၏။ 18အမှန်​တွင် သင်​၌ ခင်ပွန်း​ငါးယောက် ရှိခဲ့ဖူးပြီ။ ယခု သင်​နှင့် နေသောသူ​သည် သင်​၏​ခင်ပွန်း မဟုတ်။ ထို့ကြောင့် သင်​သည် မှန်ကန်​စွာ ပြောပြီ” ဟု မိန့်တော်မူ၏။
19အမျိုးသမီး​က “သခင်​သည် ပရောဖက်​တစ်ပါး​ဖြစ်ပေမည်။ 20ကျွန်မတို့​၏ ဘိုးဘေးများ​သည် ဤ​တောင်ပေါ်​တွင် ဘုရားသခင်​ကို ကိုးကွယ်ခဲ့ကြ၏။ သို့သော် ဂျူးလူမျိုး​ဖြစ်သော​သခင်တို့​က ဂျေရုဆလင်မြို့​၌သာ ဘုရားသခင်​ကို ကိုးကွယ်ရမည်​ဟူ၍ ပြောဆိုကြ၏” ဟု လျှောက်၏။
21ယေရှု​က “အမျိုးသမီး… ငါ့​စကား​ကို ယုံလော့။ ဤ​တောင်​တွင်လည်း​မဟုတ်၊ ဂျေရုဆလင်မြို့​တွင်လည်း မဟုတ်ဘဲ ခမည်းတော်​ကို သင်တို့​ကိုးကွယ်​ရမည့်​အချိန် ရောက်လာ​လိမ့်မည်။ 22ကယ်တင်ခြင်း​သည် ဂျူး​လူမျိုးများ​မှတစ်ဆင့် ဖြစ်လာ​သဖြင့် ဂျူး​လူမျိုး​ဖြစ်သော ငါတို့​သည် မိမိ​သိသော​ဘုရား​ကို ကိုးကွယ်ကြ၏။ ရှမာရိ​လူမျိုး​ဖြစ်သော သင်တို့​မှာ မိမိ​မသိသော​ဘုရား​ကို ကိုးကွယ်ကြ၏။ 23သို့သော်လည်း စစ်မှန်သော​ကိုးကွယ်သူတို့​သည် ခမည်းတော်​ကို စိတ်ဝိညာဉ်​နှင့်လည်းကောင်း၊ သစ္စာတရား​နှင့်လည်းကောင်း ကိုးကွယ်မည့်​အချိန် ရောက်လာ​လိမ့်မည်။ စင်စစ် ယခု​ပင် ရောက်​လျက်​ရှိ၏။ ခမည်းတော်​သည် မိမိ​အား ထိုကဲ့သို့​ကိုးကွယ်သူများ​ကို အလိုရှိတော်မူ၏။ 24ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်တော်မူ​၍ ဘုရားသခင်​ကို ကိုးကွယ်သူတို့​သည် နာမ်ဝိညာဉ်​နှင့်လည်းကောင်း၊ သစ္စာတရား​နှင့်လည်းကောင်း ကိုးကွယ်ကြရမည်” ဟု မိန့်တော်မူ၏။
25ထိုအခါ အမျိုးသမီး​က “ခရစ်တော်#4:25 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဟု ခေါ်သော မေရှိယ​ကြွလာမည်​ကို ကျွန်မ​သိပါ၏။ ထို​အရှင် ကြွလာ​သောအခါ ကျွန်မတို့​အား အရာ​ခပ်သိမ်း​ကို ရှင်းလင်း​ဖော်ပြတော်မူမည်” ဟု လျှောက်၏။
26ယေရှု​က “ယခု သင်​နှင့် စကား​ပြောနေသော ငါ​သည် မေရှိယ​ပင် ဖြစ်၏” ဟု အမျိုးသမီး​အား မိန့်တော်မူ၏။
27ထို​အချိန်​၌ တပည့်တော်တို့​သည် ပြန်ရောက်လာကြ၏။ ယေရှု​သည် အမျိုးသမီး​တစ်ဦး​နှင့် စကား​ပြောတော်မူသည်​ကို တပည့်တော်တို့​မြင်​သောအခါ အံ့သြကြ၏။ သို့သော်လည်း “မည်သည့်​အရာ အလို​ရှိတော်မူသနည်း” သို့မဟုတ် “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် ပြောဆိုတော်မူသနည်း” ဟူ၍ မည်သူမျှ မမေးဝံ့ကြပေ။ 28ထို​အမျိုးသမီး​သည် ရေအိုး​ကို ရေတွင်း​အနီး​၌ ထားခဲ့​၍ မြို့​ထဲသို့ ပြန်​ပြီးလျှင် 29“ကျွန်မ​ပြုခဲ့သမျှ​ကို အကုန်အစင်​ဖော်ပြနိုင်သော​သူ​ကို လာကြည့်ကြပါ။ သူ​သည် ခရစ်တော်​ဖြစ်မည်လော” ဟု လူတို့​အား ပြောလေ၏။ 30ထိုအခါ သူတို့​သည် မြို့​ထဲမှ ထွက်​၍ ယေရှု​ထံတော်သို့ သွားကြ၏။
31ထိုစဉ် တပည့်တော်တို့​က ယေရှု​အား “ဆရာတော်#4:31 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… အစာ​ကို သုံးဆောင်တော်မူပါ” ဟု တောင်းပန်ကြ၏။
32သို့သော် ယေရှု​က “သင်တို့​မသိသော​စားစရာ ငါ​၌ ရှိသည်” ဟု မိန့်တော်မူ၏။
33ထို့ကြောင့် တပည့်တော်တို့​က “တစ်စုံတစ်ဦး​သည် ဆရာတော်​အတွက် စားစရာ​ယူလာပေးပြီလော” ဟု အချင်းချင်း​မေးကြ၏။
34ယေရှု​က “ငါ့​ကို စေလွှတ်တော်မူသော​ဘုရားသခင်​၏ အလိုတော်​ကို လိုက်နာ​၍ ထို​အရှင်​၏ အမှုတော်​ကို ပြီးဆုံးသည်​အထိ ဆောင်ရွက်ခြင်း​သည် ငါ့​စားစရာ​ဖြစ်၏။ 35သင်တို့​က ‘ရိတ်သိမ်းချိန်​ရောက်​ရန် လေးလ​လိုသေး၏’ ဟု ဆိုတတ်ကြသည်​မဟုတ်လော။ သို့သော် သင်တို့​အား ငါ​ပြောဆိုသည်​မှာ လယ်ပြင်တို့​ကို မျှော်​ကြည့်လော့။ ရိတ်သိမ်း​ရန် သီးနှံတို့​သည် ဝင်းမှည့်​လျက်​ရှိ၏။ 36ရိတ်သိမ်းသူ​သည် လုပ်အားခ​ကို ရ၏။ သူ​သည် ထာဝရ​အသက်​အတွက် သီးနှံတို့​ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူ​နှင့် ရိတ်သိမ်းသူ​တို့​သည် အတူတကွ ဝမ်းမြောက်ကြ​လိမ့်မည်။ 37‘တစ်ဦး​က စိုက်ပျိုး​၍ တစ်ဦး​က ရိတ်သိမ်း၏’ ဟူသော ဆိုရိုးစကား​သည် အမှန်​ဖြစ်၏။ 38သင်တို့​စိုက်ပျိုး​မထားသော လယ်​မှ သီးနှံများ​ကို ရိတ်သိမ်း​ရန် သင်တို့​ကို ငါ​စေလွှတ်ပြီ။ အခြား​သူတို့​သည် စိုက်ပျိုး​ထားကြပြီး သင်တို့​မှာ ထို​သူတို့​စိုက်ပျိုးထားသော​သီးနှံတို့​ကို ရိတ်သိမ်းရ၏” ဟု မိန့်တော်မူ၏။
ရှမာရိလူမျိုး​များစွာ ယုံကြည်လာကြခြင်း
39ရှမာရိ​အမျိုးသမီး​က “သူ​သည် ကျွန်မ​ပြုခဲ့သမျှ​ကို အကုန်အစင်​ဖော်ပြနိုင်သော​သူ​ဖြစ်၏” ဟု ဆို​သဖြင့် ထို​မြို့​၌ နေသော ရှမာရိလူမျိုး​များစွာ​သည် ယေရှု​ကို ယုံကြည်လာကြ၏။ 40ထို​ရှမာရိလူမျိုးတို့​သည် ယေရှု​ထံတော်သို့ ရောက်လာကြ​သောအခါ ယေရှု​ကို မိမိတို့​၏​မြို့​တွင် တည်းခိုတော်မူ​ရန် တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှု​သည် ထို​မြို့​တွင် နှစ်ရက်​တည်းခိုတော်မူ၏။ 41ထိုအခါ ယေရှု​၏ စကားတော်​ကို ကြားနာရ​သဖြင့် ယခင်​ထက် သာ​၍​များသော​လူတို့​သည် ယုံကြည်ကြကုန်၏။ 42ထို​သူတို့​က အမျိုးသမီး​အား “ယခု ငါတို့​ယုံကြည်ကြသည်​မှာ သင့်​စကား​ကြောင့်​မဟုတ်တော့ဘဲ ငါတို့​ကိုယ်တိုင် ကြားနာရ​သောကြောင့်​ဖြစ်၏။ ဤ​အရှင်​သည် ကမ္ဘာလောက​၏​ကယ်တင်ရှင် အမှန်​ဖြစ်ကြောင်း ယခု​ငါတို့​သိရပြီ” ဟု ဆိုကြ၏။
အမတ်​တစ်ဦး​၏​သား​ကို ကျန်းမာစေတော်မူခြင်း
43နှစ်ရက်​ကြာသော် ယေရှု​သည် ထို​အရပ်​မှ ဂါလိလဲပြည်​သို့ ကြွတော်မူ၏။ 44အဘယ်ကြောင့်ဆိုသော် ယေရှု​ကိုယ်တိုင်​က “ပရောဖက်​သည် မိမိ​နေရပ်မြို့​တွင် ဂုဏ်အသရေ​မရှိ” ဟု မိန့်တော်မူ​ခဲ့ဖူး​သောကြောင့် ဖြစ်၏။ 45ဂါလိလဲပြည်​သို့ ရောက်တော်မူ​သောအခါ ဂါလိလဲပြည်သားတို့​သည် ကိုယ်တော်​ကို ကြိုဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် ဂျေရုဆလင်မြို့​တွင် ကျင်းပသည့်​ပသခါပွဲတော်​သို့ သူတို့​ကိုယ်တိုင် သွားကြ​စဉ် ထို​ပွဲ​၌ ယေရှု​ပြုတော်မူ​သမျှသော အမှုတို့​ကို မြင်တွေ့ခဲ့ကြ​သောကြောင့်​ဖြစ်၏။
46ထို့နောက် ယေရှု​သည် ရေ​ကို စပျစ်ဝိုင်​အဖြစ် ပြောင်းလဲ​စေတော်မူခဲ့ရသော ဂါလိလဲပြည်​ကာနမြို့​သို့ တစ်ဖန်​ကြွတော်မူ၏။ ထိုအခါ ကပေရနောင်မြို့​၌ အမတ်​တစ်ဦး​ရှိ​၍ သူ​၏ သား​သည် အပြင်းဖျား​လျက်​ရှိ၏။ 47ယုဒပြည်​မှ ဂါလိလဲပြည်​သို့ ယေရှု​ကြွလာတော်မူကြောင်း​ကို ထို​အမတ် ကြား​သောအခါ ယေရှု​ထံတော်သို့ သွား​လျက် “အကျွန်ုပ်​၏​သား​သည် သေလုနီးပြီ။ ကပေရနောင်​သို့ ကြွ​၍ အကျွန်ုပ်​၏​သား​ကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။
48ထိုအခါ ယေရှု​က “သင်တို့​သည် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို မမြင်ရ​လျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
49ထို​အမတ်​က “သခင်… အကျွန်ုပ်​၏​သား အသက်မဆုံး​မီ ကြွတော်မူပါ” ဟု လျှောက်လေ၏။
50ယေရှု​က “သွားလော့။ သင်​၏​သား ကျန်းမာပြီ” ဟု မိန့်တော်မူ၏။ ထို​အမတ်​သည် ယေရှု​၏ စကားတော်​ကို ယုံကြည်​လျက် အိမ်​သို့ ပြန်လေ၏။
51အပြန်လမ်း​၌​ပင် သူ​၏ အစေခံများ​နှင့် တွေ့ဆုံ​ရာ သူတို့​က သား​ဖြစ်သူ​သည် ကျန်းမာပြီ​ဖြစ်ကြောင်း ပြောကြားကြ၏။ 52ထို့ကြောင့် အမတ်​က “မည်သည့်​အချိန်​တွင် စတင်​ကျန်းမာလာသနည်း” ဟု မေး၏။ ထိုအခါ သူတို့​က “မနေ့က မွန်းလွဲ တစ်နာရီ#4:52 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “သတ္တမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “သတ္တမ​နာရီ” ဟု ဆိုရာ​တွင် မွန်းလွဲ တစ်နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​တွင် အဖျား​ကျသွားပါသည်” ဟု ဖြေကြ၏။ 53ထိုအခါ ဖခင်​ဖြစ်သူ​က ထို​အချိန်​မှာ “သင်​၏​သား ကျန်းမာပြီ” ဟု ယေရှု​မိန့်တော်မူသော​အချိန်​ဖြစ်ကြောင်း​ကို သိလေ၏။ ထို့နောက် အမတ်​ကိုယ်တိုင်​မှစ၍ အိမ်သူ​အိမ်သား အားလုံးတို့​သည် ယေရှု​ကို ယုံကြည်ကြကုန်၏။ 54ဤ​နိမိတ်​လက္ခဏာ​သည် ယုဒပြည်​မှ ဂါလိလဲပြည်​သို့ ကြွလာတော်မူ​ပြီးနောက် ယေရှု​ပြုတော်မူသော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်၏။

Избрани в момента:

ယောဟန် 4: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте