Лого на YouVersion
Иконка за търсене

ယောဟန် 15

15
စပျစ်ပင်​နှင့် အကိုင်းအခက်များ
1ယေရှု​က “ငါ​သည် စစ်မှန်သော​စပျစ်ပင် ဖြစ်၏။ ငါ့​ခမည်းတော်​သည် ဥယျာဉ်မှူး​ဖြစ်တော်မူ၏။ 2ခမည်းတော်​သည် စပျစ်ပင်​ဖြစ်သော ငါ​၌ အသီး​မသီးသည့်​အကိုင်းအခက်​ရှိသမျှ​ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော​အကိုင်းအခက်​ရှိသမျှ​ကိုမူ ပို​၍ အသီးသီး​စေနိုင်ရန် ဖြတ်ညှပ်​ရှင်းလင်းတော်မူ၏။ 3ငါ​ဟောပြောသော​တရား​အားဖြင့် ယခု သင်တို့​သည် စင်ကြယ်​လျက်​ရှိကြ၏။ 4ငါ​၌ တည်နေကြလော့။ ငါ​သည်လည်း သင်တို့​၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်​သည် အပင်​၌ မတည်​လျှင် အသီး​မသီးနိုင်​သကဲ့သို့ သင်တို့​သည်လည်း ငါ​၌ မတည်​လျှင် အသီး​မသီးနိုင်ကြ။
5ငါ​သည် စပျစ်ပင်​ဖြစ်​၍ သင်တို့​သည် အကိုင်းအခက်များ​ဖြစ်ကြ၏။ မည်သူ​မဆို ငါ​၌ တည်​၍ ငါ​သည်လည်း ထို​သူ​၌ တည်​လျှင် ထို​သူ​သည် အသီး​များစွာ သီး​လိမ့်မည်။ ငါ​နှင့် ကင်းကွာ​လျှင် သင်တို့​သည် မည်သည့်​အရာ​ကိုမျှ မတတ်နိုင်ကြ။ 6ငါ​၌ မတည်သော​သူ​သည် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့ လွှင့်ပစ်ခြင်း​ကို ခံရ​၍ ခြောက်သွေ့​သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သော​အကိုင်းအခက်များ​ကို လူတို့​သည် စုပုံ​၍ မီးရှို့တတ်ကြ၏။ 7သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။ 8သင်တို့​သည် အသီး​များစွာ သီး​လျက် ငါ့​တပည့်များ​ဖြစ်ခြင်း​အားဖြင့် ငါ့​ခမည်းတော်​၏ ဘုန်းတော်​ကို ထင်ရှား​စေတော်မူ၏။
9ခမည်းတော်​သည် ငါ့​ကို ချစ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို ချစ်၏။ ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြလော့။ 10ငါ​သည် ခမည်းတော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ခမည်းတော်​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေ​သကဲ့သို့ သင်တို့​သည်လည်း ငါ့​ပညတ်တို့​ကို လိုက်နာ​လျှင် ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြ​လိမ့်မည်။ 11ငါ​၏​ဝမ်းမြောက်ခြင်း​ကို သင်တို့​ခံစားရ​၍ အပြည့်အဝ​ဝမ်းမြောက်​နိုင်စေရန် ဤ​စကား​ကို ငါ​ပြော၏။ 12ငါ့​ပညတ်​မှာ ငါ​သည် သင်တို့​ကို ချစ်​သကဲ့သို့ သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။ 13မိမိ​မိတ်ဆွေတို့​အတွက် အသက်ပေး​ချစ်သော ချစ်ခြင်းမေတ္တာ​ထက် သာ​၍ ကြီးမြတ်သော​ချစ်ခြင်းမေတ္တာ​မရှိပေ။ 14သင်တို့​သည် ငါ့​ပညတ်​ကို လိုက်နာကြ​လျှင် ငါ့​မိတ်ဆွေများ ဖြစ်ကြ၏။ 15ယခု​မှစ၍ သင်တို့​ကို ‘ကျွန်’ ဟူ၍ ငါ​ခေါ်တော့မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်​သည် မိမိ​သခင် လုပ်ဆောင်နေသော​အရာ​ကို မသိပေ။ ငါ​ကမူ ခမည်းတော်​ပြောပြ​သမျှ​ကို သင်တို့​အား အကုန်အစင်​ပြော၏။ ထို့ကြောင့် ယခု သင်တို့​ကို ‘မိတ်ဆွေ’ ဟူ၍ ငါ​ခေါ်ပြီ။ 16သင်တို့​သည် ငါ့​ကို ရွေးချယ်ခဲ့သည်​မဟုတ်။ ငါ​သည် သင်တို့​ကို ရွေးချယ်၏။ တည်မြဲမည့်​အသီး​ကို သင်တို့​သီး​စေရန် ငါ​ခန့်ထား၏။ သို့ဖြစ်၍ ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ သင်တို့​တောင်း​သမျှ​ကို ခမည်းတော်​မှ ပေးတော်မူ​ရန် ဖြစ်၏။ 17ထို့ကြောင့် သင်တို့​အချင်းချင်း ချစ်ကြလော့​ဟူသော ဤ​ပညတ်​ကို သင်တို့​အား ငါ​ပေး၏။
လောကီသားတို့​၏ မုန်းတီးခြင်း
18လောကီသားတို့​သည် သင်တို့​ကို မုန်း​လျှင် သင်တို့​ကို မမုန်း​မီ ငါ့​ကို​မုန်းကြသည်​ကို သိမှတ်ကြလော့။ 19သင်တို့​သည် ဤ​လောကီ​နှင့် သက်ဆိုင်သူများ​ဖြစ်​ပါက လောကီသားတို့​သည် မိမိတို့​၏​မိသားစုဝင်များ​ကဲ့သို့ သင်တို့​ကို ချစ်ကြ​လိမ့်မည်။ သို့သော် သင်တို့​သည် ဤ​လောက​နှင့် မသက်ဆိုင်။ ငါ​သည် သင်တို့​ကို ဤ​လောက​မှ ရွေးချယ်ထား​သောကြောင့် လောကီသားတို့​သည် သင်တို့​ကို မုန်းကြ၏။ 20‘ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်’ ဟု သင်တို့​ကို ငါ​ပြောခဲ့သော​စကား​ကို သတိရကြလော့။ လောကီသားတို့​သည် ငါ့​ကို ညှဉ်းပန်းနှိပ်စက်​လျှင် သင်တို့​ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သူတို့​သည် ငါ့​စကား​ကို နားထောင်​လျှင် သင်တို့​၏​စကား​ကိုလည်း နားထောင်ကြ​လိမ့်မည်။ 21သို့ရာတွင် သူတို့​သည် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ကို မသိ​သဖြင့် ငါ့​ကြောင့်#15:21 မူရင်း​ဂရိကျမ်း​တွင် “ငါ​၏ အမည်​နာမ​ကြောင့်” ဟု ဖော်ပြထားသည်။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​အပေါ် ပြုကြ​လိမ့်မည်။ 22ငါ​သည် လာ​၍ ထို​သူတို့​ကို မဟောပြောခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် သူတို့​၏​အပြစ်များ​အတွက် ဆင်ခြေ​မပေးနိုင်တော့ပေ။ 23ငါ့​ကို မုန်းသော​သူ​သည် ငါ့​ခမည်းတော်​ကိုလည်း မုန်း၏။ 24ငါ​သည် သူတို့​ရှေ့​တွင် မည်သူမျှ​မပြုနိုင်​သည့် နိမိတ်​လက္ခဏာများ​ကို မပြုဘဲ​နေခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် ငါ​ပြုသည့် နိမိတ်​လက္ခဏာများ​ကို တွေ့မြင်​လျက်​နှင့် ငါ့​ကိုလည်းကောင်း၊ ငါ့​ခမည်းတော်​ကိုလည်းကောင်း မုန်းကြ၏။ 25ဤ​အရာ​သည် ကျမ်းစာ​တွင် ‘သူတို့​သည် ငါ့​ကို အကြောင်းမဲ့ မုန်းကြ၏’#15:25 ဆာ ၃၅:၁၉၊ ၆၉:၄။ ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​ရန်​ဖြစ်၏။
26သို့သော် ငါ​သည် သမ္မာတရား​ကို ဖော်ပြသည့် ကူညီမစတော်မူသော​အရှင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံ စေလွှတ်မည်။ ထို​ဝိညာဉ်တော်​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ငါ​၏​အကြောင်း​မှန်သမျှ​ကို သက်သေခံ​လိမ့်မည်။ 27သင်တို့​သည်လည်း ငါ​အမှုတော်​လုပ်ငန်း စတင်​စဉ်​ကပင် ငါ​နှင့်အတူ ရှိနေခဲ့​သောကြောင့် ငါ့​အကြောင်း​ကို သက်သေခံကြ​ရမည်။

Избрани в момента:

ယောဟန် 15: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте