မာကု 1
1
သခင်ဘုရား၏ လမ်းတော်ကို နှစ်ခြင်းဆရာယောဟန် ပြင်ဆင်ခြင်း
1ဘုရားသခင်၏သားတော် ယေရှုခရစ်တော်#1:1 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။၏ သတင်းကောင်းအစမှာ ဤသို့ဖြစ်၏။ 2ပရောဖက်ဟေရှာယ ရေးသားထားသောကျမ်းတွင်
“ကြည့်ရှုလော့။ ငါ၏တမန်ကို ဦးစွာ စေလွှတ်မည်။
သူသည် သင်သွားမည့်လမ်းကို ပြင်ဆင်လိမ့်မည်။#1:2 မာလ ၃:၁။
3တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေ၏။ ထိုသူ၏ အသံမှာ
‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။
ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’#1:3 ဟေရှာ ၄၀:၃။ ဟူ၍ ဖြစ်၏”
ဟု ရေးသားထား၏။
4ထိုတမန်မှာ နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ ယောဟန်သည် တောကန္တာရ၌ ပေါ်ထွန်းလာ၍ အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။ 5ဂျေရုဆလင်မြို့သူမြို့သားများနှင့် ယုဒနယ်တစ်ခွင်လုံးမှ လူများသည် ယောဟန်ထံသို့ သွားကြ၏။ ထို့နောက် သူတို့သည် မိမိတို့၏ အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် သူတို့ကို ဂျော်ဒန်မြစ်ထဲ၌ နှစ်ခြင်းမင်္ဂလာပေးလေ၏။ 6ယောဟန်သည် ကုလားအုတ်အမွေးဖြင့် ရက်လုပ်သောအဝတ်ကို ဝတ်၍ ခါး၌ သားရေခါးပတ်ကို စည်း၏။ သူသည် ကျိုင်းကောင်နှင့် တောပျားရည်တို့ကို စားသုံး၏။
7ယောဟန်က “ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကိုမျှ ငုံ့၍ ဖြေပေးရန် မထိုက်တန်ပါ။ 8ငါသည် သင်တို့ကို ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော် ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်” ဟု ဟောလေ၏။
နှစ်ခြင်းမင်္ဂလာခံယူတော်မူခြင်းနှင့် ဖြားယောင်းသွေးဆောင်မှုခံတော်မူခြင်း
9ထိုအချိန်ကာလတွင် ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာတော်မူ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူတော်မူ၏။ 10ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။ 11ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
12ထို့နောက် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ သွားစေတော်မူ၏။ 13ထိုတောကန္တာရတွင် ရက်ပေါင်းလေးဆယ်နေ၍ မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ယေရှုသည် သားရဲတိရစ္ဆာန်များနှင့်အတူ ရှိတော်မူ၍ ကောင်းကင်တမန်များကလည်း ယေရှုကို လုပ်ကျွေးပြုစုကြ၏။
14ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်း#1:14 အချို့လက်ရေးမူကျမ်းများတွင် “ဘုရားသခင်၏ နိုင်ငံတော်၏ သတင်းကောင်း” ဟု ဖော်ပြထားသည်။ကို ဟောပြောတော်မူ၏။ 15ယေရှုက “အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းချိန်နီးပြီ။ သင်တို့၏အပြစ်များအတွက် နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
ပထမဦးဆုံးသောတပည့်တော်များ
16တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်#1:16 ရှိမုန်ကို ၃:၁၆ မှစ၍ ပေတရုဟု ခေါ်ဝေါ်သည်။နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။ 17ထိုအခါ ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။ 18ထိုအခါ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
19ထိုနေရာမှ အနည်းငယ်ကြွတော်မူလျှင် ဇေဗေဒဲ၏သားများဖြစ်သော ယာကုပ်နှင့် ယောဟန်တို့သည် လှေထဲတွင် ပိုက်ကွန်များဖာထေးပြုပြင်နေသည်ကို မြင်တော်မူ၏။ 20ထိုသူတို့ကိုလည်း ချက်ချင်းခေါ်တော်မူသဖြင့် သူတို့သည် ဖခင်ဇေဗေဒဲအား လူငှားများနှင့်အတူ လှေထဲတွင် ထားခဲ့၍ နောက်တော်သို့ လိုက်ကြ၏။
နတ်ဆိုးကို နှင်ထုတ်တော်မူခြင်း
21ယေရှုနှင့် တပည့်တော်တို့သည် ကပေရနောင်မြို့သို့ သွားကြ၏။ ဥပုသ်နေ့ရောက်သောအခါ ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ သွန်သင်တော်မူ၏။ 22ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
23ထိုအချိန်တွင် ဝတ်ပြုဆောင်၌ နတ်ဆိုးပူးသောလူတစ်ဦးရှိ၏။ ထိုသူက 24“နာဇရက်မြို့သားယေရှု… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုလေ၏။
25ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ 26ထိုအခါ နတ်ဆိုးသည် ထိုသူကို တက်စေပြီးလျှင် ကျယ်လောင်စွာ အော်ဟစ်၍ ထွက်သွား၏။
27လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။ 28ထို့နောက် ကိုယ်တော်၏သတင်းတော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
လူများစွာကို ကျန်းမာစေတော်မူခြင်း
29ဝတ်ပြုဆောင်မှ ထွက်လာကြပြီးနောက် ယေရှုနှင့် တပည့်တော်တို့သည် ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏ အိမ်သို့ ကြွတော်မူ၏။ 30ထိုအချိန်တွင် ရှိမုန်၏ယောက္ခမသည် ဖျားလျက် အိပ်ရာထဲ၌ လဲနေ၏။ လူတို့က ကိုယ်တော်အား ထိုအကြောင်းကို ချက်ချင်းလျှောက်ကြ၏။ 31ကိုယ်တော်သည် ကြွလာ၍ ထိုအမျိုးသမီး၏ လက်ကို ကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူသည် အဖျားပျောက်၍ သူတို့အား ဧည့်ခံလေ၏။
32နေဝင်၍ ညချမ်းအချိန်ရောက်သော် လူတို့သည် မကျန်းမာသူများနှင့် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ 33တစ်မြို့လုံးရှိ လူများသည် တံခါး၌ စုဝေးနေကြ၏။ 34ထို့ကြောင့် ယေရှုသည် ရောဂါအမျိုးမျိုးစွဲကပ်သော မကျန်းမာသူများစွာကို ကျန်းမာစေတော်မူလျက် နတ်ဆိုးများစွာကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့် ကိုယ်တော်သည် ထိုနတ်ဆိုးတို့ကို စကားပြောခွင့်ပေးတော်မမူပေ။
ဂါလိလဲပြည်၌ တရားဟောတော်မူခြင်း
35နောက်တစ်နေ့နံနက် မိုးမလင်းမီတွင် ယေရှုသည် ထတော်မူပြီးလျှင် ဆိတ်ငြိမ်သောအရပ်သို့ ကြွ၍ ဆုတောင်းတော်မူ၏။ 36ခဏကြာသော် ရှိမုန်နှင့် အခြားလူများသည် ကိုယ်တော်ကို လိုက်ရှာကြ၏။ 37တွေ့ကြသောအခါ သူတို့က “လူတို့သည် သခင့်ကို ရှာနေကြပါသည်” ဟု လျှောက်ကြ၏။
38သို့သော် ယေရှုက “အနီး၌ ရှိသည့် အခြားမြို့များသို့လည်း သွားကြစို့။ ငါသည် ထိုမြို့များတွင်လည်း ဟောပြောရမည်။ ထိုအတွက်ပင် ငါလာသည်” ဟု မိန့်တော်၏။ 39ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
အနာကြီးရောဂါသည်တစ်ဦးကို ကျန်းမာစေတော်မူခြင်း
40အနာကြီးရောဂါသည် တစ်ဦးသည် ယေရှုရှေ့တော်သို့ လာ၍ ဒူးထောက်လျက် ကုသပေးတော်မူရန် တောင်းပန်၏။ ထိုသူက “ကိုယ်တော်အလိုတော်ရှိပါက အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
41ယေရှုသည် သနားတော်မူသဖြင့်#1:41 အချို့ လက်ရေးမူကျမ်းများတွင် “အမျက်တော်ဖြင့်” ဟု ဖော်ပြထားသည်။ လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ 42ထိုသူ၏အနာကြီးရောဂါသည် ချက်ချင်းပျောက်ကင်း၍ စင်ကြယ်သွား၏။ 43-44ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်း မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့”#1:43-44 ဝတ် ၁၄:၂-၃၂။ ဟု တင်းကျပ်စွာ သတိပေး၍ မိန့်တော်မူ၏။
45သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
Цяпер абрана:
မာကု 1: BCB
Пазнака
Падзяліцца
Капіяваць

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.