ရှင်လုကာခရစ်ဝင် 24

24
ရှင်ပြန်ထမြောက်တော်မူခြင်း
1ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်စ​အချိန်​၌ သူ​တို့​သည် မိမိ​တို့​ပြင်ဆင်​ထား​သော​အမွှေးနံ့သာ​ကို​ယူဆောင်​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​ရာ 2ကျောက်တုံး​ကို သင်္ချိုင်း​ဂူ​မှ လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ 3အတွင်း​သို့​ဝင်​ကြ​သောအခါ သခင်​ယေရှု​၏​အလောင်း​တော်​ကို​မ​တွေ့​ကြ​ချေ။ 4သူ​တို့​သည် ဤ​အခြင်းအရာ​တို့​ကို​တွေးမရ​ဖြစ်​နေ​ကြ​စဉ် တောက်ပ​ပြောင်လက်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်တရက်​ပေါ်လာ​ပြီး သူ​တို့​အနီး​၌​ရပ်​ကြ​၏။ 5အမျိုးသမီး​တို့​သည် ကြောက်လန့်​၍ ခေါင်း​ကို အောက်​သို့​ငုံ့​လျက်​နေ​ကြ​ရာ ထို​သူ​တို့​က “သင်​တို့​သည် သေ​သော​သူ​တို့​တွင် အသက်ရှင်​သော​သူ​ကို အဘယ်ကြောင့်​ရှာ​ကြ​သနည်း။ 6ကိုယ်တော်​သည် ဤ​အရပ်​၌​မ​ရှိ။ ထမြောက်​တော်မူ​ပြီ။ ဂါလိလဲ​နယ်​၌​ရှိ​တော်မူ​စဉ် သင်​တို့​အား​မည်သို့​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​ကြ​လော့။ 7ကိုယ်တော်​က ‘လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ကို​ခံရ​လျက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မြွက်ဆို​ကြ​၏။ 8ထိုအခါ အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​စကား​တော်​များ​ကို သတိရ​၍ 9သင်္ချိုင်း​တော်​မှ ပြန်​သွား​ပြီးလျှင် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​နှင့် အခြား​သော​သူ​အားလုံး​တို့​အား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။
10တမန်တော်​တို့​အား ဤ​အကြောင်းအရာ​များ​ကို​ပြောပြ​သော​သူ​တို့​မှာ မာဂဒလ​မြို့သူ​မာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်​သူ​မာရိ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော အခြား​အမျိုးသမီး​များ​ဖြစ်​ကြ​၏။ 11သို့သော် ထို​စကား​များ​သည် တမန်တော်​တို့​အတွက် ယုံတမ်း​စကား​ကဲ့သို့​ဖြစ်​သောကြောင့် သူ​တို့​မ​ယုံ​ကြ​ချေ။ 12သို့ရာတွင် ပေတရု​သည်​ထ​၍ သင်္ချိုင်း​တော်​သို့​ပြေး​သွား​ပြီး ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​ကို​သာ​တွေ့​သဖြင့်​ထို​အဖြစ်အပျက်​ကို​အံ့သြ​လျက် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။
တပည့်တော်နှစ်ပါးထံ ထင်ရှားတော်မူခြင်း
13ထို​နေ့​၌​ပင် သူ​တို့​ထဲမှ​နှစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ခုနစ်​မိုင်​ခန့်​ဝေး​သည့် ဧမောက်​ဟု​ခေါ်​သော​ရွာ​သို့ သွား​ကြ​၏။ 14သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​အလုံးစုံ​တို့​ကို အချင်းချင်း​ပြောဆို​နေ​ကြ​၏။ 15ထိုသို့​ပြောဆို​လျက်​ဆွေးနွေး​နေ​ကြ​စဉ် ယေရှု​ကိုယ်တော်​တိုင်​ချဉ်းကပ်​လာ​၍ သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ 16သို့သော် သူ​တို့​၏​မျက်စိ​သည် ကာဆီး​ထား​ခြင်း​ခံရ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​မ​မှတ်မိ​ကြ​ချေ။ 17ကိုယ်တော်​က​လည်း“သင်​တို့​သည် လမ်းသွား​ရင်း မည်သည့်​အကြောင်းအရာ​များ​ကို အချင်းချင်း​ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​သည် မျက်နှာ​ညှိုးငယ်​လျက်​ရပ်​နေ​ကြ​၏။ 18ထို့နောက် ကလောဖ​အမည်​ရှိ​သူ​က “သင်​သည်​ဂျေရုဆလင်​မြို့​၌ ဧည့်သည်​အဖြစ်​နေထိုင်​လျက်​ပင် ဤ​ရက်​များ​အတွင်း ထို​မြို့​၌​ဖြစ်ပျက်​ခဲ့​သော​အရာ​များ​ကို သင်​တစ်ဦးတည်း​သာ​မ​သိ​ဘဲ​နေ​သလော”​ဟု ဆို​၏။ 19ကိုယ်တော်​က​လည်း“မည်သည့်​အရာ​များ​နည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​နှင့်​ပတ်သက်​သော​အရာ​များ​ဖြစ်​၏။ သူ​သည် ဘုရားသခင်​ရှေ့၊ လူ​အပေါင်း​တို့​ရှေ့တွင် လုပ်ဆောင်​မှု​နှင့်​ပြောဆို​မှု​တို့​၌ အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ပရောဖက်​ဖြစ်​၏။ 20သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ငါ​တို့​ကို​အုပ်ချုပ်​သူ​များ​သည် သူ့​ကို​သေဒဏ်​စီရင်​ရန်​အပ်နှံ​၍ လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ခဲ့​ကြ​၏။ 21ထို​အရှင်​သည် အစ္စရေး​လူမျိုး​ကို ရွေးနုတ်​ကယ်တင်​မည့်​အရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်လင့်​ထား​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​များ​ဖြစ်ပျက်​ခဲ့​ပြီးနောက် ယခု​သုံး​ရက်​မြောက်​ဖြစ်​သောအခါ 22ငါ​တို့​ထဲမှ အမျိုးသမီး​အချို့​တို့​သည် ငါ​တို့​ကို​အံ့ဩ​ငေးမော​စေ​ကြ​၏။ သူ​တို့​သည် နံနက်​စောစော​သင်္ချိုင်း​သို့​သွား​ကြ​ရာ 23ထို​အရှင်​၏​အလောင်း​ကို​မ​တွေ့​ခဲ့​ကြ​ပေ။ သူ​တို့​သည်​ပြန်လာ​၍ ထို​အရှင်​အသက်ရှင်​လျက်​ရှိ​ကြောင်း​မြွက်ဆို​သည့်​ကောင်းကင်တမန်​များ​ကို ဗျာဒိတ်​ရူပါရုံ​၌​တွေ့မြင်​ရ​ကြောင်း ပြောပြ​ကြ​၏။ 24ငါ​တို့​ထဲမှ လူ​အချို့​တို့​သည် သင်္ချိုင်း​သို့​သွား​ကြ​ရာ အမျိုးသမီး​များ​ပြော​ခဲ့​သည့်​အတိုင်း​ဖြစ်​ပြီး ထို​အရှင်​ကို​မ​တွေ့​ခဲ့​ကြ​ပါ”​ဟု ဆို​ကြ​၏။ 25ထိုအခါ ကိုယ်တော်​က“အို မိုက်မဲ​၍ ပရောဖက်​များ​ဟောပြော​ခဲ့​သမျှ​တို့​ကို​ယုံကြည်​ရန် စိတ်နှလုံး​ထိုင်းမှိုင်း​သော​သူ​တို့၊ 26ခရစ်တော်​သည် ဤသို့​ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ မိမိ​၏​ဘုန်း​အသရေ​ထဲသို့​ဝင်စား​ရ​မည်​မ​ဟုတ်​လော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ 27ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။
28သူ​တို့​သွား​နေ​သည့်​ရွာ​အနီး​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ရှေ့​သို့​ခရီး​ဆက်​မည့်​ဟန်​ရှိ​သဖြင့် 29သူ​တို့​က “မိုးချုပ်​ခါနီး​၍ တစ်နေ့တာ​လည်း ကုန်​လုနီး​ပြီ​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​နှင့်အတူ​တည်းခို​ပါ”​ဟု ဆို​လျက် ကိုယ်တော်​ကို​မရအရ​ဖိတ်ခေါ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည်​သူ​တို့​နှင့်အတူ​တည်းခို​ရန် လိုက်​သွား​တော်မူ​၏။
30သူ​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​သောအခါ ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား ပေး​တော်မူ​၏။ 31ထိုစဉ် သူ​တို့​၏​မျက်စိ​သည်​ပွင့်​လာ​၍ ကိုယ်တော်​ဖြစ်​ကြောင်း​သိ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​၏​မြင်ကွင်း​မှ ပျောက်ကွယ်​သွား​လေ​၏။ 32သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စကား​ပြော​တော်မူ​သောအခါ​၌​ဖြစ်စေ၊ ငါ​တို့​အား ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်မူ​သောအခါ​၌​ဖြစ်စေ ငါ​တို့​၏​စိတ်နှလုံး​ထဲတွင် မီး​တောက်လောင်​သကဲ့သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
33သူ​တို့​သည် ချက်ချင်း​ထ​၍ ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ရာ တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​နှင့် သူ​တို့​၏​အပေါင်းအဖော်​များ စုဝေး​နေ​ကြ​သည်​ကို​တွေ့​ရ​ကြ​၏။ 34ထို​သူ​အပေါင်း​တို့​က “သခင်​ဘုရား​သည် အမှန်ပင်​ထမြောက်​တော်မူ​၍ ရှိမုန်​ထံ​ထင်ရှား​ပြ​တော်မူ​ပြီ”​ဟု ပြောဆို​နေ​ကြ​၏။ 35ထို​သူ​နှစ်​ဦး​တို့​က​လည်း လမ်း​၌​ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​များ​နှင့် မုန့်​ကို​ဖဲ့​တော်မူ​စဉ် ကိုယ်တော်​ဖြစ်ကြောင်း​သိ​ခဲ့​ရ​ပုံ​တို့​ကို ပြောပြ​ကြ​၏။
ထမြောက်သောယေရှု၏ထင်ရှားတော်မူခြင်း
36ဤ​အကြောင်းအရာ​များ​ကို သူ​တို့​ပြောဆို​နေ​ကြ​စဉ် ကိုယ်တော်​သည် သူ​တို့​အလယ်​၌​ရပ်​လျက်“သင်​တို့​၌​ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်မူ​၏။
37သို့သော် သူ​တို့​သည် တစ္ဆေ​ကို​မြင်​နေ​ကြ​သည်​ဟု​ထင်မှတ်​၍ ထိတ်လန့်​ကြောက်ရွံ့​ကြ​၏။ 38ကိုယ်တော်​က​လည်း“အဘယ်ကြောင့်​တုန်လှုပ်​ချောက်ချား​ကြ​သနည်း။ အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ သံသယ​ဖြစ်​ကြ​သနည်း။ 39ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့ထိ​စမ်းသပ်​၍ ကြည့်ရှု​ကြ​လော့။ အကြောင်းမူကား တစ္ဆေ​၌ အရိုး​၊ အသား​မ​ရှိ။ ငါ​၌​မူကား သင်​တို့​မြင်​ရ​သည့်​အတိုင်း အရိုး​၊ အသား​ရှိ​၏”​ဟု 40မိန့်​တော်မူ​ပြီးလျှင် မိမိ​၏​လက်​တော်​နှင့်​ခြေ​တော်​တို့​ကို သူ​တို့​အား ပြ​တော်မူ​၏။ 41သူ​တို့​သည် ဝမ်းမြောက်​သဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့ဩ​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“ဤ​နေရာ​တွင် စားစရာ​တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​တော်မူ​၏။ 42ထိုအခါ သူ​တို့​သည် ငါး​ကင်​တစ်​ပိုင်း​ကို ကိုယ်တော်​အား ပေး​ကြ​ရာ 43ကိုယ်တော်​သည်​ယူ​၍ သူ​တို့​ရှေ့​တွင် သုံးဆောင်​တော်မူ​၏။ 44တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
45ထို့နောက် ကျမ်းစာ​ကို​နားလည်​ကြ​စေရန် သူ​တို့​၏​အသိစိတ်​ကို​ဖွင့်​ပေး​တော်မူ​ပြီးလျှင် 46သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကျမ်းစာ​၌​ရေး​ထား​သည်​ကား ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်။ 47ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။ 48သင်​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ 49ငါ​သည် ငါ့​ခမည်းတော်​၏​ကတိ​တော်​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ သို့သော် သင်​တို့​သည် အထက်​ကောင်းကင်​မှ​တန်ခိုး​ဖြင့် လွှမ်းခြုံ​ခြင်း​ခံရ​သည်​အထိ ဂျေရုဆလင်​မြို့​၌ နေ​ကြ​ဦး​လော့”​ဟု မိန့်​တော်မူ​၏။
ကောင်းကင်သို့တက်ကြွတော်မူခြင်း
50ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။ 51ထိုသို့​ကောင်းချီး​ပေး​တော်မူ​စဉ်​၌​ပင် ကိုယ်တော်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။ 52သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​ပြီးလျှင် အလွန်​ဝမ်းမြောက်​လျက် ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ကာ 53ဗိမာန်​တော်​၌ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​၏။

Пазнака

Падзяліцца

Капіяваць

None

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце