Luke 18
18
1ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အမြဲတမ်း ဆုတောင်းရမည့်အကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား 2“မြို့တစ်မြို့၌ ဘုရားရှင်ကို မကြောက်ရွံ့၊ အများပြည်သူအပေါ်တွင်လည်း လေးစားမှုမရှိသော တရားသူကြီးတစ်ဦးရှိလေ၏။ 3ထိုမြို့၌ရှိသော မုဆိုးမတစ်ဦးသည် ထိုတရားသူကြီးထံသို့ အကြိမ်ကြိမ်အခါခါလာ၍ သူမကို လှည့်စားသောသူနှင့်ပတ်သက်၍ တရားမျှတစွာစီရင်ဆုံးဖြတ်ပေးပါရန် လျှောက်လေ၏။ 4အချိန်အတန်ကြာသည်အထိ တရားသူကြီးသည် သူမအား အရေးမထားခဲ့သော်လည်း အဆုံး၌ သူက ‘ငါသည် ဘုရားရှင်ကိုလည်း ကြောက်ရွံ့ခြင်းမရှိ၊ လူတို့ကိုလည်း အရေးမထားသော်လည်း 5ဤမုဆိုးမသည် ငါ့အား အမြဲမပြတ်နှောင့်ယှက်နေသည့်အတွက်ကြောင့် သူမအား တရားသဖြင့်စီရင်ပေးလိုက်မည်။ ထိုမှသာ သူမသည် ငါ့ထံသို့ ကြိမ်ဖန်များစွာလာ၍တောင်းဆိုနေခြင်းကို ရပ်တန့်ပေတော့မည်’ ဟုတွေးတောလေ၏” ဟုမိန့်တော်မူ၏။ 6ထို့နောက် ကိုယ်တော်က “ထိုဆိုးညစ်သောတရားသူကြီး၏ကြံစည်တွေးတောပုံကို သင်တို့စဉ်းစားကြည့်ကြလော့။ 7ဤကဲ့သို့ ဆိုးညစ်သည့်တရားသူကြီးပင်လျှင် သူ့အား အထပ်ထပ်အခါခါတောင်းလျှောက်သောသူကို သက်ညှာလျှင် ဘုရားရှင်သည်ကား မိမိထံ နေ့ညမပြတ်ဆုတောင်းသည့်သူတို့အား ဖြည့်ဆည်းမပေးဘဲ ကြာရှည်စွာဆိုင်းငံ့ထားတော်မူမည်ဟု ထင်ကြသလော။ 8သင်တို့အား ငါဆိုသည်ကား ဘုရားရှင်သည် သူတို့တောင်းလျှောက်သမျှကို လျင်မြန်စွာဖြည့်ဆည်းပေးတော်မူလိမ့်မည်။ သို့သော်ငြား ဤလောကသို့ လူ့သားတော်ပြန်လည်ကြွလာလျှင်မူကား ယုံကြည်ခြင်းရှိသူတို့ကို တွေ့ရပါမည်လော” ဟုမိန့်တော်မူ၏။ 9ထို့နောက် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ယူဆတတ်ပြီး အခြားသူများကို နှိမ်ချတတ်သူတို့အား ကိုယ်တော်က ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား 10“တစ်ခါက ဖာရိရှဲတစ်ဦးနှင့် အခွန်ကောက်သူတစ်ဦးတို့သည် ဝတ်ပြုဆုတောင်းရန်အတွက် ဗိမာန်တော်သို့ သွားကြလေ၏။ 11ထို့နောက် ဖာရိရှဲသည် တစ်ကိုယ်တည်းရပ်လျှက် ‘အို ဘုရားရှင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယူတတ်သောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမရှိသောသူဖြစ်သည့်အပြင် ဤအခွန်ကောက်သူကဲ့သို့လည်း မဟုတ်သည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါ၏။ 12အကျွန်ုပ်သည် ရက်သတ္တပတ်တစ်ပတ်တွင် နှစ်ရက်တိုင်တိုင် အစာရှောင်ဆုတောင်းလျှက် အကျွန်ုပ်ရရှိသောဝင်ငွေ၏ဆယ်ပုံတစ်ပုံကိုလည်း ဗိမာန်တော်၌ လှူဒါန်းပါ၏’ ဟုဆုတောင်းလေ၏။ 13သို့သော်ငြား အခွန်ကောက်သူမှာမူ အခြားသောသူများနှင့် မလှမ်းမကမ်းတွင်ရပ်ကာ ကောင်းကင်ကို မော်မကြည့်ရဲဘဲ ရင်ဘတ်စည်တီး၍ ‘အို ဘုရားရှင်၊ အပြစ်ဒုစရိုက်များလှပါသော အကျွန်ုပ်ကို ငဲ့ညှာသနားတော်မူပါ’ ဟုဆုတောင်းလေ၏။ 14သင်တို့အား ငါဆိုသည်ကား ထိုသူနှစ်ဦး မိမိတို့အိမ်သို့ ပြန်ရောက်ကြလျှင် ဘုရားရှင်၏ခွင့်လွှတ်မှုကို ရရှိသည့်သူသည် ဖာရှိရှဲမဟုတ်ဘဲ အခွန်ကောက်သူသာဖြစ်၏။ အကြောင်းမူကား မိမိကိုယ်ကို အထင်ကြီးဘဝင်မြင့်သူသည် နှိမ်ချမှုကို ခံရလျှက် မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်မှုကိုခံရလိမ့်မည်” ဟုမိန့်တော်မူ၏။ 15ထို့နောက် အချို့သောလူတို့သည် မိမိတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းကြီးပေးစေရန် အထံတော်သို့ ခေါ်ဆောင်လာကြသည်ကို တပည့်တော်များမြင်လျှင် ကိုယ်တော်အား နှောက်ယှက်ခြင်းမပြုရန် ထိုသူတို့ကို တားမြစ်လေ၏။ 16သို့သော် ကိုယ်တော်က ကလေးငယ်များကို ခေါ်၍ “ကလေးငယ်များကို မတားဆီးကြနှင့်။ ငါ့ထံသို့ ကလေးငယ်များ လာကြပါစေ။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏သာသနာတော်သည် ဤကလေးငယ်များကဲ့သို့သောသူများအတွက်ဖြစ်၏။ 17သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားရှင်၏သာသနာတော်အား ကလေးငယ်တစ်ဦးကဲ့သို့ လက်ခံခြင်းမရှိလျှင် သင်တို့သည် ဘယ်သောအခါမျှဝင်ခွင့်ရကြလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။ 18တစ်ခါက ဂျူးလူမျိုးအကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ နိစ္စထာဝရအသက်ကိုရဖို့ရန် အကျွန်ုပ်မည်သို့ပြုရပါမည်နည်း” ဟုမေးလျှောက်လေ၏။ 19ကိုယ်တော်က “သင်သည် အဘယ်ကြောင့် ငါ့အား ကောင်းမြတ်သောသူဟုဆိုသနည်း။ ဘုရားရှင်ကလွဲ၍ ကောင်းမြတ်သောသူဟူ၍ မည်သူမျှမရှိ။ 20သင်သည် အိမ်ထောင်ရေး မဖောက်ပြန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ လိမ်ညာမပြောဆိုရ၊ မိဘတို့ကို ရိုသေလေးစားပါဟူသော ပညတ်တော်တို့ကိုလည်း သိပြီးဖြစ်၏” ဟုမိန့်တော်မူ၏။ 21ထိုသူကလည်း “အကျွန်ုပ်သည် ငယ်စဉ်ကပင် ဤပညတ်တော်အားလုံးကို လိုက်နာကျင့်သုံးသောသူဖြစ်ပါ၏” ဟုလျှောက်တင်လေ၏။ 22ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။ 23ထိုဂျူးလူမျိုးအကြီးအကဲသည် အလွန်ကြွယ်ဝချမ်းသာသော်လည်း အရာအားလုံးကို ပေးကမ်းစွန့်ကြဲရန် မပြုလိုသောကြောင့် ကိုယ်တော်၏စကားကို ကြားသောအခါ အလွန်ပင် စိတ်ပျက်ဝမ်းနည်းလေ၏။ 24ထိုသူ၏စိတ်ပျက်ဝမ်းနည်းနေခြင်းကို မြင်လျှင် ကိုယ်တော်က “ချမ်းသာကြွယ်ဝသောသူတို့သည် ဘုရားရှင်၏သာသနာတော်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှ၏။ 25ချမ်းသာကြွယ်ဝသူတစ်ဦး ဘုရားရှင်၏သာသနာတော်သို့ ဝင်ရောက်နိုင်ဖို့ထက် ကုလားအုတ်တစ်ကောင်သည်သာ အပ်နဖားပေါက်ထဲသို့ ဝင်နိုင်ဖို့က ပို၍လွယ်ကူလိမ့်မည်” ဟုမိန့်တော်မူလေ၏။ 26ထိုစကားကို ကြားသည့် လူထုပရိသတ်တို့ကလည်း ကိုယ်တော်အား “ကိုယ်တော်၊ ဤသို့ဆိုလျှင် မည်ကဲ့သို့သောသူတို့သည် ကယ်တင်ခြင်းကိုရကြပါမည်နည်း” ဟုမေးလျှောက်ကြလေ၏။ 27ထိုအခါ ကိုယ်တော်က “လူသားတို့အတွက် မဖြစ်နိုင်သောအရာမှန်သမျှသည် ဘုရားရှင်အတွက် ဖြစ်နိုင်၏” ဟုမိန့်တော်မူ၏။ 28ထိုအခါ ပေတရုက “ကိုယ်တော်၊ အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်လွှတ်ကာ ကိုယ်တော့်နောက်တော်သို့ လိုက်လာခဲ့ကြပါ၏” ဟုလျှောက်တင်လေ၏။ 29ကိုယ်တော်ကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားရှင်၏သာသနာတော်အတွက် မိမိအိမ်၊ ဇနီးမယား၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးတို့ကို စွန့်လွှတ်သောသူသည် 30ယခုဘဝ၌ပင် ကောင်းကျိုးရရှိ၍ နောင်အနာဂတ်၌လည်း နိစ္စထာဝရအသက်တာကို ရရှိကြမည်မှာအသေအချာပင်ဖြစ်၏” ဟုမိန့်တော်မူလေ၏။ 31ထို့နောက် ကိုယ်တော်က သာဝကတစ်ဆယ့်နှစ်ဦးကို အနားသို့လာစေ၍ “နားထောင်ကြ။ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် ရောက်နှင့်ကြပြီ။ ထိုနေရာ၌ လူ့သားတော်နှင့်ပတ်သက်၍ အရိယာသူတော်စင်တို့ ကြိုတင်ရေးသားထားခဲ့သမျှတို့သည် ဖြစ်ပျက်လာရတော့မည်။ 32လူ့သားတော်ကို လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်။ လှောင်ပြောင်ကြလိမ့်မည်။ အကြမ်းဖက်ကြလိမ့်မည်။ တံတွေးနှင့်ထွေးကြလိမ့်မည်။ 33ထို့နောက် ရိုက်နှက်ကြကာ အသေသတ်ကြလိမ့်မည်။ သို့သော် လူ့သားတော်သည် သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။ 34သို့သော် သာဝကတို့သည် စကားအဓိပ္ပါယ်များအား သူတို့ထံမှ ကွယ်ဝှက်ထားခြင်းခံရသည့်အတွက် ကိုယ်တော်မိန့်ဆိုသည့် ထိုအကြောင်းအရာတစ်စုံတစ်ခုကိုမျှ နားလည်သဘောပေါက်နိုင်ခြင်းမရှိကြချေ။ 35ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်များသည် ဂျေရိခေါမြို့အနီးသို့ ရောက်လာသည့်အချိန်တွင် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ထိုင်ကာ တောင်းရမ်းနေလေ၏။ 36သူသည် လူအုပ်ကြီးဖြတ်သွားသည့် အသံကို ကြားရသောအခါ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မေးမြန်းလိုက်၏။ 37လူအချို့က နာဇရက်မြို့မှ ကိုယ်တော်ယေရှု ဖြတ်သွားတော်မူသည်ဟု ပြန်လည်ဖြေကြားလိုက်သဖြင့် 38ထိုသူသည် ကျယ်လောင်သောအသံဖြင့် “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ” ဟုဟစ်အော်လေ၏။ 39ထိုအခါ ကိုယ်တော်နှင့်အတူသွားနေကြသော သူတို့သည် ထိုသူအား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် ထိုမျက်မမြင်က “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ” ဟုပိုမိုကျယ်လောင်စွာ ဟစ်အော်လေ၏။ 40ထိုအခါ ကိုယ်တော်က ရပ်တန့်လိုက်ပြီး ထိုသူအား မိမိထံသို့ခေါ်လာရန် လူအချို့ကို အမိန့်ပေးတော်မူ၏။ အထံတော်သို့ ထိုမျက်မမြင်ရောက်လာသောအခါ 41ကိုယ်တော်က “သင့်အတွက် မည်သို့ပြုပေးရမည်နည်း” ဟုမေးတော်မူသဖြင့်
ထိုသူက “ကိုယ်တော်၊ အကျွန်ုပ် မျက်စိမြင်ချင်ပါ၏” ဟုပြန်လည်လျှောက်တင်သဖြင့် 42ကိုယ်တော်ကလည်း “မျက်စိပြန်မြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။ 43ထိုချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်ပြီးလျှင် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် ကိုယ်တော်ယေရှု၏နောက်တော်သို့ လိုက်ပါသွားလေ၏။ ထိုအဖြစ်အပျက်ကိုမြင်သော လူပရိသတ်အပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။
المحددات الحالية:
Luke 18: mtpv-rv
تمييز النص
شارك
نسخ

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.