ရောမ 8:18-26
ရောမ 8:18-26 Judson Bible (JBMLE)
ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။- ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။- ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကို မျှော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။- ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်စရာအကြောင်း မရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း။- ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။- ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
ရောမ 8:18-26 Common Language Bible (BCL)
ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။- ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။- ဘုရားသခင်သည်ထိုအဖန်ဆင်းခံကမ္ဘာ လောကကိုအနတ္တဖြစ်စေရန်အပြစ်ဒဏ် စီရင်တော်မူ၏။ ထိုသို့ဖြစ်စေခြင်းမှာကမ္ဘာ လောက၏အလိုဆန္ဒကြောင့်မဟုတ်။ ဘုရား သခင်၏စီရင်ဆုံးဖြတ်တော်မူချက်ကြောင့် ဖြစ်၏။ သို့ရာတွင်မျှော်လင့်ချက်ရှိ၏။- ထိုမျှော်လင့်ချက်မှာတစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာလောကသည်ဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကိုခံစားခွင့် ရရှိလိမ့်မည်ဖြစ်သည်။- အဖန်ဆင်းခံကမ္ဘာလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့ပြင်းပြသော ဝေဒနာဖြင့် ယခုအချိန်တိုင်အောင်ညည်း တွားလျက်ရှိကြောင်းငါတို့သိကြ၏။- အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။- အဘယ်ကြောင့်ဆိုသော်ငါတို့သည်မျှော်လင့် ခြင်းအားဖြင့် ကယ်တင်ခြင်းကိုခံရကြသော ကြောင့်ဖြစ်၏။ ငါတို့သည်မိမိတို့မျှော်လင့် သည့်အရာကိုမမြင်နိုင်ကြ။ မြင်နိုင်ကြပါ မူငါတို့၏မျှော်လင့်ခြင်းသည်အကယ်ပင် မျှော်လင့်ခြင်းမဟုတ်။ မြင်ရသောအရာကို အဘယ်သူသည်မျှော်လင့်မည်နည်း။- သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။ ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။
ရောမ 8:18-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။ ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။ ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။