ရောမ 6:15-23
ရောမ 6:15-23 Judson Bible (JBMLE)
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။- အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။- သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဖူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။- သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။- ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။- သင်တို့သည် အပြစ်တရား၏ကျွန် ဖြစ်စဉ်ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။- ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။- ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန် ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။- အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
ရောမ 6:15-23 Common Language Bible (BCL)
သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။- လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။- သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။- သင်တို့သည်အပြစ်တရား၏ကျွန်ဘဝမှ လွတ်မြောက်ကြသောအခါဖြောင့်မတ်ခြင်း တရား၏ကျွန်ဖြစ်လာကြ၏။- (သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။ သင်တို့သည်အပြစ်တရား၏ကျွန်ဖြစ်စဉ် အခါက ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်မြောက်ကြ၏။- ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။- သို့သော်သင်တို့သည်ယခုအခါအပြစ် တရား၏လက်မှလွတ်မြောက်ပြီးလျှင် ဘုရား သခင်၏ကျွန်များဖြစ်လာကြပေပြီ။ သင် တို့ရရှိသည့်အကျိုးကားကိုယ်တော်၏အတွက် မိမိတို့ကိုယ်ကိုအကြွင်းမဲ့ဆက်ကပ်ခြင်း ဖြစ်သည်။ အဆုံး၌ထာဝရအသက်ကိုရရှိ ခြင်းပင်ဖြစ်သည်။- အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
ရောမ 6:15-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။ သင်တို့သည် တစ်စုံတစ်ဦးအား မိမိကိုယ်ကိုဆက်သ၍ ကျွန်အဖြစ်နာခံလျှင် သင်တို့သည် သင်တို့နာခံသောသူ၏ကျွန်ဖြစ်ကြပြီး သေခြင်းသို့ရောက်စေသည့် အပြစ်၏ကျွန်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းသို့ရောက်စေသည့် နာခံမှု၏ကျွန်ဖြစ်တတ်သည်ကို သင်တို့မသိကြသလော။ သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့ကြသော်လည်း သင်တို့ခံယူရရှိသော သွန်သင်ချက်၏နည်းဥပဒေသကို စိတ်နှလုံးနှင့်တကွနာခံကြသဖြင့် အပြစ်၏လက်မှ လွတ်မြောက်ခွင့်ရပြီး ဖြောင့်မတ်ခြင်း၏ကျွန်ဖြစ်လာကြသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။ သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့စဉ်က ဖြောင့်မတ်ခြင်းနှင့်ကင်းဝေးသောသူများဖြစ်ခဲ့ကြ၏။ ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။ သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။ အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။