ရောမ 3:19-26
ရောမ 3:19-26 Judson Bible (JBMLE)
ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။- ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။- ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊- ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။- အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။- ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။- ဘုရားသခင်သည် သည်းခံတော်မူ၍၊- လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။
ရောမ 3:19-26 Common Language Bible (BCL)
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။- ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။ သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။- လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။- လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။- လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။- ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
ရောမ 3:19-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။ သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။ သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ ၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။ အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။ ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။