ဗျာဒိတ် 21:1-8
ဗျာဒိတ် 21:1-8 Judson Bible (JBMLE)
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်း ဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။- သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။- ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။- ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။- ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ ဟူ၍လည်းကောင်း၊- အမှုပြီးပြီ။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဖိုးမယူဘဲ ငါပေးမည်။- အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။- ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည် ဟူ၍လည်းကောင်း ငါ့အား မိန့်တော်မူ၏။
ဗျာဒိတ် 21:1-8 Common Language Bible (BCL)
ထိုနောက်ကောင်းကင်သစ်နှင့်ကမ္ဘာသစ်ကိုငါ မြင်ရ၏။ ယခင်ကောင်းကင်ဟောင်းနှင့်ကမ္ဘာ ဟောင်းသည်ကွယ်ပျောက်သွားလေပြီ။ ပင်လယ် သမုဒ္ဒရာသည်လည်းမရှိတော့ပေ။- ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။- ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။- ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။ ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။- ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။- အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။- သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
ဗျာဒိတ် 21:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။ တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။ ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။ ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။ တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။