ဆာလံ 91:1-6
ဆာလံ 91:1-6 Judson Bible (JBMLE)
အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကိုခိုရလိမ့်မည်။ ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။ အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်လည်းကောင်း၊ သေတတ်သော အနာနှင့်လည်းကောင်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။ အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ ညအခါဖြစ်တတ်သော ဘေးကိုလည်းကောင်း၊ နေ့အချိန်၌ ပစ်သောမြားကိုလည်းကောင်း၊ မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။
ဆာလံ 91:1-6 Common Language Bible (BCL)
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊ ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။ ကိုယ်တော်သည်မမြင်နိုင်သော ဘေးဥပဒ်များမှလည်းကောင်း၊ သေစေတတ်သောအနာရောဂါများမှ လည်းကောင်း သင့်ကိုကင်းလွတ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။ ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊ မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ ကြောက်လန့်ရလိမ့်မည်မဟုတ်။
ဆာလံ 91:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။ “ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ငါ၏ဘုရားသခင်”ဟု ထာဝရဘုရားနှင့်ပတ်သက်၍ ငါဆို၏။ အကယ်စင်စစ် ကိုယ်တော်သည် ငှက်မုဆိုး၏ကျော့ကွင်းမှလည်းကောင်း၊ သေစေတတ်သောကပ်ရောဂါဘေးမှလည်းကောင်း သင့်ကိုကယ်နုတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိ၏အတောင်တော်အမွေးဖြင့် သင့်ကိုအုပ်မိုးတော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်အောက်၌ ခိုလှုံရလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည် ဒိုင်းကာနှင့်ဒိုင်းလွှားဖြစ်၏။ သင်သည် ညအချိန်၌ဖြစ်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ နေ့အချိန်၌လွင့်ပျံသောမြားကိုလည်းကောင်း၊ မှောင်ကြီးမည်းကြီးထဲ၌လှည့်လည်တတ်သော ကပ်ရောဂါကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ဖျက်ဆီးတတ်သော ဘေးဥပဒ်ကိုလည်းကောင်း ကြောက်ရွံ့ရလိမ့်မည်မဟုတ်။