ဆာလံ 77:9-13
ဆာလံ 77:9-13 Judson Bible (JBMLE)
ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော်ကို ချုပ်တည်းတော်မူသလော။ ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသောဘုရား၏ လက်ယာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။ ထာဝရဘုရား၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသော အံ့ဩဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။
ဆာလံ 77:9-13 Common Language Bible (BCL)
ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။'' ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော ထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။ အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။ ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။ အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
ဆာလံ 77:9-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်သည် သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ သို့မဟုတ် အမျက်တော်ထွက်၍ မိမိ၏သနားစုံမက်ခြင်းကို ချုပ်တည်းတော်မူပြီလော။ (စေလာ ) ထိုအခါ “အမြင့်ဆုံးသောအရှင်၏လက်ယာလက်တော်သည် ပြောင်းလဲသွားသဖြင့် ငါအားနည်းရချေပြီ”ဟု ငါဆို၏။ အကျွန်ုပ်သည် ထာဝရဘုရား၏ လုပ်ဆောင်တော်မူချက်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို အမှန်ပင် အောက်မေ့ပါမည်။ ကိုယ်တော်၏လုပ်ဆောင်တော်မူချက် ရှိသမျှတို့ကိုလည်း အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကိုလည်း တွေးတောဆင်ခြင်ပါမည်။ အို ဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းပါ၏။ မည်သည့်ဘုရားသည် ဘုရားသခင်ကဲ့သို့ ကြီးမြတ်သနည်း။