YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 44:1-5

ဆာလံ 44:1-5 Judson Bible (JBMLE)

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​ကို လက်​တော်​ဖြင့်​နှင်​ထုတ်၍ အ​ကျွန်ုပ်​တို့၏​ဘိုး​ဘေး​များ​ကို နေ​ရာ​ချ​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိပ်​စက်၍ ဘိုး​ဘေး​များ​ကို ပြန့်​ပွား​စေ​တော်​မူ၏။ သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။

ဆာလံ 44:1-5 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။

ဆာလံ 44:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။ ကိုယ်တော်​သည် လူမျိုးခြား​တို့​ကို ကိုယ်တော်​၏​လက်​တော်​ဖြင့်​နှင်ထုတ်​ပြီး ဘိုးဘေး​တို့​ကို အခြေချ​စေ​တော်မူ​၏​။ တိုင်းသူပြည်သား​တို့​ကို​နှိမ်နင်း​၍ ဘိုးဘေး​တို့​ကို​ပြန့်ပွား​စေ​တော်မူ​၏​။ အမှန်စင်စစ် ဘိုးဘေး​တို့​သည် ထို​ပြည်​ကို မိမိ​တို့​ဓားလက်နက်​ဖြင့် သိမ်းယူ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​။ သူ​တို့​အောင်ပွဲ​ရ​သည်​မှာ သူ​တို့​၏​လက်ရုံး​ကြောင့်​လည်း မ​ဟုတ်​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​၊ ကိုယ်တော်​၏​လက်ရုံး​တော်​နှင့် ကိုယ်တော်​၏ မျက်နှာ​တော်​အလင်း​ကြောင့်သာ​ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​နှစ်သက်​တော်မူ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ ယာကုပ်​၏​အောင်ပွဲ​ကို​စီမံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။