YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:1-22

ဆာလံ 34:1-22 Judson Bible (JBMLE)

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။ ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ ငါ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို တ​ညီ​တ​ညွတ်​တည်း ချီး​မြှောက်​ကြ​ကုန်​အံ့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​ကြ​လော့။ အ​လင်း​ကို​ရ​ကြ​လိမ့်​မည်။ မျက်​နှာ​ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သည်​အ​ကြောင်း​ကို မြည်း​စမ်း၍ သိ​မှတ်​ကြ​လော့။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ​လော့။ ကြောက်​ရွံ့​သော​သူ​တို့၌ ဆင်း​ရဲ​ခြင်း​မ​ရှိ​ရာ။ ခြင်္သေ့​တို့​သည် ဆင်း​ရဲ၍ ငတ်​မွတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​လို​ရာ။ အ​ချင်း​သူ​ငယ်​တို့ လာ​ကြ​လော့။ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​တ​ရား​ကို သင်​တို့​အား ငါ​သွန်​သင်​မည်။ ကောင်း​မွန်​သော​အ​ရာ​ကို တွေ့​မြင်​မည်​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​နှင့်​တ​ကွ နေ့​ရက်​ကာ​လ​ကို တောင့်​တ​လို​ချင်​သော​သူ မည်​သည်​ကား၊ ကိုယ်​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​စေ​လော့။ နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။ ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​လော့။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ သူ၏​အ​ရိုး​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​တော်​မူ​သည်​ဖြစ်၍၊ တစ်​ချောင်း​မျှ မ​ကျိုး​မ​ပဲ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ ဘေး​ဖြင့်​အ​သက်​ဆုံး​ခြင်း​သို့ ရောက်​ရ​မည်။ ဖြောင့်​မတ်​သော​သူ​ကို မုန်း​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏ အ​သက်​ဝိ​ညာဉ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။

ဆာလံ 34:1-22 Common Language Bible (BCL)

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို အ​စဉ်​မ​ပြတ်​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​အား​အ​ခါ​ခပ်​သိမ်း​ထော​မ​နာ​ပြု​မည်။ ငါ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​အ​ပေါင်း​တို့​သည် ကြား​နာ​၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ငါ​နှင့် အ​တူ ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​သည်​အ​တူ​တ​ကွ​ကိုယ်​တော်​၏​နာ​မ​တော် ကို ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။ ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။ ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​တို့​သည် ချို့​တဲ့​မှု​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။ ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။ ငယ်​ရွယ်​သူ​မိတ်​ဆွေ​တို့၊ငါ့​ထံ​သို့​လာ​၍ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​ရန် သင်​တို့​အား​ငါ​သင်​ကြား​ပေး​မည်။ သင်​တို့​သည်​ပျော်​ပျော်​ပါး​ပါး​နေ​ထိုင်​လို ကြ​ပါ​သ​လော။ အ​သက်​ရှည်​ခြင်း​နှင့်​တ​ကွ​ပျော်​ရွှင်​ခြင်း​ကို လို​လား​ကြ​ပါ​သ​လော။ လို​လား​ပါ​လျှင်​ညစ်​ညမ်း​သည့်​စ​ကား​နှင့် မု​သား​စ​ကား​ကို​မ​ပြော​ကြ​နှင့်။ ဒု​စ​ရိုက်​ကို​ရှောင်​၍​သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရ​ရှိ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။ သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။ သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

ဆာလံ 34:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​၏​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို အစဉ်​မြွက်ဆို​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ဂုဏ်ယူဝါကြွား​မည်​။ စိတ်နှိမ့်ချ​သော​သူ​တို့​သည် ကြားသိ​၍​ဝမ်းမြောက်​ကြ​ပါစေသော​။ ထာဝရဘုရား​ကြီးမြတ်​တော်မူ​ကြောင်း​ကို ငါ​နှင့်အတူ​ဖော်ပြ​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို အတူတကွ​ချီးမြှောက်​ကြ​စို့​။ ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။ ထာဝရဘုရား​ကောင်းမြတ်​တော်မူ​ကြောင်း မြည်းစမ်း​၍​သိမြင်​ကြ​လော့​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​တို့​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ချို့တဲ့​နွမ်းပါး​ခြင်း​မ​ရှိ​ရ​။ ခြင်္သေ့ပျို​တို့​သည် အစာ​ချို့တဲ့​၍ ဆာလောင်မွတ်သိပ်​တတ်​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​လိမ့်မည်​မ​ဟုတ်​။ သားသမီး​တို့​၊ လာ​ကြ​လော့​။ ငါ့​ကို​နားထောင်​ကြ​လော့​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကြောင်း​ကို သင်​တို့​အား ငါ​သင်ကြား​ပေး​မည်​။ အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​အရာ​ကို​တွေ့မြင်​ရ​ရန် နေ့ရက်​ကာလ​တို့​ကို​လိုလား​သော​သူ​ကား မည်သူ​နည်း​။ မိမိ​လျှာ​ကို မကောင်းမှု​မှ​လည်းကောင်း​၊ မိမိ​နှုတ်ခမ်း​ကို လိမ်လည်လှည့်ဖြား​ပြောဆို​ခြင်း​မှ​လည်းကောင်း ကင်းဝေး​အောင်​စောင့်စည်း​လော့​။ မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။ ငြိမ်းချမ်းမှု​ကို​ရှာဖွေ​၍ ၎င်း​ကို​လက်ကိုင်ပြု​လော့​။ ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍ ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။ ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​တို့​နှင့် ပတ်သက်​သည့်​အောက်မေ့စရာ​ကို ကမ္ဘာမြေကြီး​ပေါ်မှ​ဖယ်ရှား​ရန် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍ စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။ သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။ မကောင်းမှု​သည် ဆိုးယုတ်​သော​သူ​တို့​ကို​သေဆုံး​စေ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​ကို​မုန်း​သော​သူ​တို့​သည်​လည်း ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​။ ထာဝရဘုရား​သည် မိမိ​အစေအပါး​တို့​၏ စိတ်ဝိညာဉ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တစ်စုံတစ်ဦး​မျှ ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။