ဆာလံ 33:1-3
ဆာလံ 33:1-3 Judson Bible (JBMLE)
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။ စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။ ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
ဆာလံ 33:1-3 Common Language Bible (BCL)
အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။ ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။ သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ဆာလံ 33:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားထံသို့ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ချီးမွမ်းခြင်းသည် ဖြောင့်မှန်သောသူတို့နှင့် သင့်လျော်ပေ၏။ စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်သောအသံနှင့်တကွ ကျွမ်းကျင်စွာတီးခတ်ကြလော့။