YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118:1-29

ဆာလံ 118:1-29 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​ဝန်​ခံ​စေ။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု အာ​ရုန်​အ​နွယ်​ဝန်​ခံ​စေ။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ ငါ​သည် ကျဉ်း​မြောင်း​ရာ​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​ဝန်း​သော အ​ရပ်​ထဲ​သို့ သွင်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်​မှာ​ရှိ​တော်​မူ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်၌ မ​စ​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို မုန်း​သော​သူ​တို့၌ ငါ့​အ​လို ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​ကို​ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ ငါ့​ကို ဝိုင်း​ကြ၏။ ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ သင်​သည် ငါ့​ကို​လှဲ​ခြင်း​ငှာ ပြင်း​ထန်​စွာ တွန်း​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ရာ​အ​ကြောင်း၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။ ဖြောင့်​မတ်​သော သူ​တို့၏​နေ​ရာ၌ ဝမ်း​မြောက်​ခြင်း​အ​သံ​နှင့် ကယ်​တင်​ခြင်း​အ​သံ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ချီး​မြှင့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။ ဖြောင့်​မတ်​ခြင်း​တံ​ခါး​တို့​ကို ငါ့​အား​ဖွင့်​ကြ။ ငါ​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​မည်။ ဤ​တံ​ခါး​သည် ထာ​ဝ​ရ​ဘု​ရား၏​တံ​ခါး​ဖြစ်၏။ ဖြောင့်​မတ်​သော သူ​တို့​သည် ဝင်​ရ​ကြ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​စ​ကား​ကို နား​ထောင်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ၏။ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်၏။ ငါ​တို့​မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏။ ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ကြ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်၍၊ ငါ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၏။ ယဇ်​တင်​ရန် အ​ကောင်​ကို ယဇ်​ပ​လ္လင်​ဦး​ချို၌ ကြိုး​နှင့် ချည်​ကြ​လော့။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ဆာလံ 118:1-29 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ လော့။ ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟု​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဝန်​ခံ​ကြ​စေ။ ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟု​ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​တို့​ဝန်​ခံ​ကြ​စေ။ ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟု ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့ ဝန်​ခံ​ကြ​စေ။ ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။ ငါ့​ကို​ကူ​မ​တော်​မူ​သော​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ သည်​ကို မြင်​ရ​လိမ့်​မည်။ လူ​ကို​အား​ကိုး​သည်​ထက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​ခြင်း​က​ပို​၍​ကောင်း​၏။ လူ့​ခေါင်း​ဆောင်​တို့​ကို​ကိုး​စား​သည်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ခြင်း​က​ပို​၍ ကောင်း​၏။ ငါ​၏​ပတ်​လည်​တွင်​ရန်​သူ​အ​များ​ပင်​ရှိ​သော် လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​ငါ့​ကို​ဝိုင်း​ရံ​လျက် နေ​ကြ​သော်​လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။ သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်း ဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။ ငါ​သည်​ပြင်း​ထန်​စွာ​တိုက်​ခိုက်​ခြင်း​ကို​ခံ​ရ​၍ အ​ရေး​ရှုံး​နိမ့်​နေ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကူ​မ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည် အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည် မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။ ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာ ဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။ ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။ ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။ တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သော ကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။ ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။ ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အောင်​မြင်​ခွင့်​ကို​ပေး​တော် မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ သင်​တို့​သည်​သစ်​ခက်​များ​ကိုင်​၍၊ ပွဲ​သ​ဘင်​ကို​အ​စ​ပြု​ကာ​ယဇ်​ပလ္လင်​ကို​လှည့်​၍ ချီ​တက်​ကြ​လော့။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ မေတ္တာ​တော်​သည်​လည်း​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။

ဆာလံ 118:1-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း အစ္စရေး​အမျိုး​သည် ဝန်ခံ​ပါစေ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း အာရုန်​၏​အမျိုးအနွယ်​သည် ဝန်ခံ​ပါစေ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ဝန်ခံ​ကြ​ပါစေ​။ ငါ​သည် ပြင်းပြ​သော​ဝေဒနာ​ထဲမှ ထာဝရဘုရား​ကို​ခေါ်​၏​။ ထာဝရဘုရား​သည် ငါ့​ကို​ထူး​တော်မူ​ပြီး ကျယ်ဝန်း​သော​အရပ်​၌ ထား​တော်မူ​၏​။ ထာဝရဘုရား​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​အဖြစ် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​မုန်း​သော​သူ​တို့​ကို အပေါ်စီး​မှ ငါ​ကြည့်မြင်​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် လူ​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။ ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် မင်းအရာရှိ​တို့​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။ လူမျိုး​အပေါင်း​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​သုတ်သင်ရှင်းလင်း​ပစ်​မည်​။ သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ အကယ်စင်စစ် သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​ဖြတ်ပယ်​ရှင်းလင်း​မည်​။ သူ​တို့​သည် ပျား​များ​ကဲ့သို့ ငါ့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း ဆူးပင်​ကို​လောင်​သော​မီး​ကဲ့သို့ ငြိမ်း​သွား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​ဖြတ်ပယ်​ရှင်းလင်း​မည်​။ သင်​သည် ငါ့​ကို​လဲ​စေရန် ကြမ်းတမ်း​စွာ​တွန်းချ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။ ထာဝရဘုရား​သည် ငါ​၏​ခွန်အား​နှင့်​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​တဲ​များ​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​နှင့် ကယ်တင်​ခြင်း​အသံ​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ငါ​မ​သေ​ရ​သေး​ဘဲ အသက်ရှင်​လျက် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ဦး​မည်​။ ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။ ဖြောင့်မတ်​ခြင်း​တံခါး​တို့​ကို ငါ့​အတွက်​ဖွင့်ပေး​ကြ​လော့​။ ငါ​သည် ထို​တံခါး​တို့​မှ​ဝင်​၍ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။ ဤ​တံခါး​သည် ထာဝရဘုရား​၏​တံခါး​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​သည် ဤ​တံခါး​မှ​ဝင်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ တိုက်ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်ကျောက် ဖြစ်လာ​၏​။ ဤ​အမှု​သည် ထာဝရဘုရား​အားဖြင့် ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏​။ ဤ​နေ့ရက်​သည် ထာဝရဘုရား​စီရင်​တော်မူ​သော​နေ့ရက်​ဖြစ်​၏​။ ဤ​နေ့ရက်​၌ ငါ​တို့​ရွှင်လန်း​၍ ဝမ်းမြောက်​ကြ​ကုန်စို့​။ အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ ထာဝရဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ကောင်းချီးထောမနာ​ပြု​ကြ​ပါ​၏​။ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​အား အလင်း​ကို​လည်း ပေး​တော်မူ​၏​။ ပွဲတော်​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​၏​ဦးချို​၌ ကြိုး​နှင့်​ချည်​ထား​ကြ​လော့​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၍ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။