YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဩဗဒိ 1:15-21

ဩဗဒိ 1:15-21 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။ ယု​ဒ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​သော ငါ့​တောင်​ပေါ်​မှာ စား​သောက်​သ​ကဲ့​သို့၊ ပတ်​လည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် စား​သောက်​ရ​ကြ​လိမ့်​မည်။ စား​သောက်၍​မျို​သ​ဖြင့် မ​ရှိ​ဖူး​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ တောင်​မျက်​နှာ​သား​တို့​သည် ဧ​သော၏​တောင်​ကို​လည်း​ကောင်း၊ မြေ​ညီ​သော အ​ရပ်​သား​တို့​သည် ဖိ​လိ​တ္တိ​ပြည်​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​လယ်​ပြင်​နှင့် ရှ​မာ​ရိ​လယ်​ပြင်​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​အ​မျိုး​သည် ဂိ​လဒ်​ပြည်​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ၍၊ ခါ​န​နိ​လူ​တို့​တွင်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​လုံး​အ​ရင်း​သည် ဇ​ရ​တ္တ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ သေ​ဖ​ရဒ်​ပြည်၌​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တောင်​မျက်​နှာ မြို့​ရွာ​တို့​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ ဧ​သော၏​တောင်​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကယ်​တင်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ဖြစ်​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ဩ​ဗ​ဒိ၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ ပြီး၏။

ဩဗဒိ 1:15-21 Common Language Bible (BCL)

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊ တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။ အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊ သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။ သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။ ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။ ``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​များ​နှင့်​ယော​သပ်​၏ မျိုး​ဆက်​များ​သည်​မီး​နှင့်​တူ​လိမ့်​မည်။ မီး​သည်​အ​မှိုက်​သ​ရိုက်​ကို​ကျွမ်း​လောင်​စေ သ​ကဲ့​သို့၊ သူ​တို့​သည်​ဧ​သော​၏​မျိုး​ဆက်​များ​ကို သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ဧ​သော​၏​သား​မြေး​တစ်​စုံ​တစ်​ယောက်​မျှ အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ``ယု​ဒ​ပြည်​တောင်း​ပိုင်း​မှ​လူ​တို့​သည် ဧ​ဒုံ​ပြည် ကို​လည်း​ကောင်း၊ အ​နောက်​တောင်​ခြေ​ဒေ​သ​များ​မှ​လူ​တို့​က ဖိ​လိတ္တိ​ပြည်​ကို​လည်း​ကောင်း​သိမ်း​ယူ​ကြ လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ဧ​ဖ​ရိမ်​နှင့် ရှ​မာ​ရိ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရ​ကြ​လျက်၊ ဗင်္ယာ​မိန်​လူ​မျိုး​တို့​က​ဂိ​လဒ်​ပြည်​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊ မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။ အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

ဩဗဒိ 1:15-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်တွင် သင်​တို့​သောက်​ခဲ့​ရ​သကဲ့သို့ လူမျိုး​တကာ​တို့​သည်​လည်း အစဉ်မပြတ်​သောက်​ရ​လိမ့်မည်​။ သူ​တို့​သည် သောက်​၍​မျိုချ​ပြီး မ​ဖြစ်​စဖူး​အဖြစ်​မျိုး ကြုံ​ရ​လိမ့်မည်​။ သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ယာကုပ်​အမျိုးအနွယ်​သည် မီး​၊ ယောသပ်​အမျိုးအနွယ်​သည် မီးလျှံ​ဖြစ်​၏​။ ရိုးပြတ်​နှင့်တူသော ဧသော​အမျိုးအနွယ်​ကို သူ​တို့​သည် မီးညှိ​လိုက်​သဖြင့် ဧသော​အမျိုးအနွယ်​ကို​ဝါးမျို​လိမ့်မည်​။ ဧသော​အမျိုးအနွယ်​တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။ တောင်ပိုင်းသား​တို့​သည် ဧသော​တောင်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ မြေနိမ့်​သား​တို့​သည် ဖိလိတ္တိ​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ရှမာရိ​ပြည်​တို့​ကို​လည်း ပိုင်ဆိုင်​လိမ့်မည်​။ ဗင်္ယာမိန်​အမျိုး​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အစ္စရေး​လူမျိုး​အလုံးအရင်း​တို့​သည် ခါနာန်​ပြည်​ကို ဇရတ္တ​မြို့​တိုင်အောင် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ သေဖရဒ်​ပြည်​သို့​ရောက်ရှိ​သွား​သော ဂျေရုဆလင်​မြို့သား​တို့​သည် နေဂေ့​အရပ်​ရှိ​မြို့​များ​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ကယ်တင်​မည့်​သူ​တို့​သည် ဧသော​တောင်​ကို အုပ်စိုး​ရန် ဇိအုန်​တောင်​ပေါ်သို့​တက်လာ​လိမ့်မည်​။ ထို​နိုင်ငံ​သည် ထာဝရဘုရား​၏​နိုင်ငံ​တော် ဖြစ်​မည်​။