နေဟမိ 13:10-31
နေဟမိ 13:10-31 Judson Bible (JBMLE)
အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည်တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြသည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊ ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသားတို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။ ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။ ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက် မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဖို့၊ အိမ်တော်အမှုစောင့်ခြင်းအဖို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။ ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အားကြားပြော၏။ ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။ ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသောဒုစရိုက်ကား အဘယ်သို့နည်း။ ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊ အဖိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှာ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။ ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တစ်ခါနှစ်ခါ အိပ်ကြ၏။ ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တစ်ဖန်လာ၍ အိပ်လျှင် ဖမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။ လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဖက်သော ယုဒလူအချို့တို့ကို ငါမြင်၏။ သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတစ်ဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။ သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူရ။ ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ပြု၍ ပြစ်မှားရာရောက်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင် မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူ ဖြစ်သော်လည်း၊ တစ်ပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည်တကား။ ငါတို့သည် သင်တို့စကားကို နားထောင်၍ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်သဖြင့်၊ ဤမျှလောက်ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သား ယောယဒ၏ သားတစ်ယောက်သည်၊ ဟောရနိလူ သမ္ဘာလတ်သမက် ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။ ထိုသို့ ယုဒအမျိုးသားတို့ကို တစ်ပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့အမှုစောင့်ရသည်အတိုင်း ငါခန့်ထား၍၊ ချိန်းချက်သောအချိန်၌ ထင်းပူဇော်သကာနှင့် အဦးသီးသောအသီးကို ပူဇော်စေခြင်းငှာ စီရင်၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ နေဟမိမှတ်စာပြီး၏။
နေဟမိ 13:10-31 Common Language Bible (BCL)
လေဝိအနွယ်ဝင်များနှင့်ဗိမာန်တော်ဂီတ ပညာသည်များသည်ရိက္ခာအလုံအလောက် မရကြသဖြင့် မိမိတို့၏လယ်ယာများရှိ ရာသို့ပြန်သွားကြကြောင်းကိုငါကြား သိရ၏။- ယင်းသို့ဗိမာန်တော်ကိုစွန့်ပစ်ထားခဲ့ရန် ခွင့်ပြုသူအုပ်ချုပ်ရေးမှူးတို့အား ငါသည် ပြစ်တင်ပြောဆိုကာလေဝိအနွယ်ဝင်များ နှင့်ဂီတပညာသည်များကိုဗိမာန်တော် သို့ခေါ်ယူပြီးလျှင်အမှုတော်ကိုတစ်ဖန် ပြန်လည်ထမ်းဆောင်စေ၏။- ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့အလှူဖြစ် သည့်ဆန်စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီကို ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများသို့ယူ ဆောင်လာကြလေသည်။- ငါသည်ယဇ်ပုရောဟိတ်ရှေလမိ၊ ပညတ် ကျမ်းတတ်မြောက်သူဇာဒုတ်နှင့်လေဝိအနွယ် ဝင်ပေဒါယတို့အားတာဝန်ခံပစ္စည်းထိန်း များအဖြစ်ခန့်ထား၏။ မဿနိ၏မြေး၊ ဇက္ကုရ ၏သားဟာနန်အားထိုသူတို့၏လက်ထောက် အဖြစ်ခန့်ထား၏။ ဤသူတို့သည်မိမိတို့ ၏လုပ်ဖော်ဆောင်ဘက်များအားသစ္စာရှိစွာ ရိက္ခာဖြန့်ဖြူးပေးမည့်သူများဖြစ်ကြောင်း ငါစိတ်ချယုံကြည်၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။ ထိုကာလယုဒပြည်သူအချို့တို့သည် ဥပုသ် နေ့၌စပျစ်သီးများနယ်လျက်နေကြသည် ကိုလည်းကောင်း၊ အချို့တို့သည်ဂျုံစပါး၊ စပျစ်ရည်၊ စပျစ်သီး၊ သဖန်းသီးအစရှိ သည်တို့ကို မိမိတို့၏မြည်းများပေါ်တင်ပြီး လျှင်ယေရုရှလင်မြို့သို့သယ်ဆောင်လျက် နေကြသည်ကိုလည်းကောင်းငါမြင်၏။ သို့ ဖြစ်၍ဥပုသ်နေ့တွင်မည်သည့်အရာကို မျှမရောင်းချရန်သူတို့အားငါသတိ ပေး၏။- ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။- ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။- သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။ ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။- ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသူကုန်သည် အချို့တို့သည်သောကြာနေ့ည၌မြို့တံခါး ပြင်တွင်လာ၍အိပ်ကြ၏။ သူတို့သည်ယင်းသို့ တစ်ကြိမ်နှစ်ကြိမ်ပြုကြ၏။- ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။- ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။ ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။- သူတို့၏သားသမီးတစ်ဝက်မျှသည်ငါတို့ ဘာသာစကားကိုမပြောတတ်။ အာဇုတ်သို့ မဟုတ်အခြားဘာသာစကားတစ်မျိုး မျိုးကိုသာပြောတတ်ကြ၏။- သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။- ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။- သို့ဖြစ်၍ငါတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ခြင်းသင် တို့၏စံနမူနာအားဖြင့်ဘုရားသခင် ကိုပြစ်မှားရမည်လော'' ဟုပြော၏။ ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။ အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။ ငါသည်ပြည်သူတို့အားလူမျိုးခြားနှင့် ဆိုင်သောအမှုအရာဟူသမျှနှင့်ကင်းစင် စေ၏။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အားမိမိတို့တာဝန်ဝတ္တရားအသီး သီးကိုသိရှိနားလည်ကြစေရန်စည်း မျဉ်းများကိုရေးဆွဲပေး၏။- အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။
နေဟမိ 13:10-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လေဝိအမျိုးတို့၏ဝေစုကို မပေးကြသဖြင့် အမှုတော်ထမ်းသောလေဝိအမျိုးနှင့်သီချင်းသည်တို့သည် မိမိတို့လယ်ယာမြေအသီးသီးသို့ ပြန်သွားကြရသည်ကိုလည်း ငါသိရ၏။ ငါသည် ကြီးကြပ်သူတို့အား “ဘုရားသခင်၏အိမ်တော်ကို အဘယ်ကြောင့်ပစ်ပယ်ထားကြသနည်း”ဟု အပြစ်တင်ပြောဆိုပြီး လေဝိအမျိုးတို့ကို စုဝေးစေ၍ သူ့နေရာနှင့်သူ ပြန်ခန့်ထား၏။ ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။ ငါသည် ယဇ်ပုရောဟိတ်ရှေလမိ၊ ကျမ်းပြုဆရာဇာဒုတ်၊ လေဝိအမျိုးပေဒါယတို့ကို သိုလှောင်တိုက်တာဝန်ခံအဖြစ်ခန့်ထား၍ မတ္တနိ၏မြေး၊ ဇက္ကုရ၏သား ဟာနန်ကို သူတို့၏လက်ထောက်အဖြစ် ခန့်ထား၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိသောသူများဖြစ်၏။ သူတို့သည် ညီအစ်ကိုများကို ဝေစုခွဲဝေပေးရ၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ဘုရားသခင်၏အိမ်တော်နှင့်အမှုတော်အတွက် အကျွန်ုပ်ကောင်းစွာလုပ်ဆောင်ခဲ့သည်ကို လျစ်လျူရှုတော်မမူပါနှင့်။ ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။ ဂျေရုဆလင်မြို့တွင် နေထိုင်သောတိုင်ရာမြို့သားတို့သည်လည်း ငါးနှင့်ကုန်စည်အမျိုးမျိုးကိုယူဆောင်လာ၍ ဥပုသ်နေ့တွင် ဂျေရုဆလင်မြို့ရှိ ယုဒလူတို့အား ရောင်းချကြ၏။ ထို့ကြောင့် အကျွန်ုပ်သည် ယုဒခေါင်းဆောင်တို့အား “သင်တို့ပြုသော ဤဆိုးညစ်မှုကား မည်သို့နည်း။ သင်တို့သည် ဥပုသ်နေ့ကို ညစ်ညူးစေကြပြီ။ သင်တို့၏ဘိုးဘေးတို့သည် ထိုသို့ပြုခဲ့သဖြင့် ငါတို့၏ဘုရားသခင်သည် ငါတို့နှင့် ဤမြို့ကို ဘေးအန္တရာယ်အပေါင်းတို့နှင့် ကြုံတွေ့စေခဲ့ပြီ မဟုတ်လော။ ယခုမှာလည်း အစ္စရေးလူမျိုးတို့ ထပ်၍အမျက်တော်ခံရအောင် သင်တို့သည် ဥပုသ်နေ့ကိုညစ်ညူးစေကြပြီ”ဟု ဆူပူကြိမ်းမောင်း၏။ ဂျေရုဆလင်မြို့တံခါးများကို ဥပုသ်နေ့မတိုင်မီတစ်ရက် မှောင်ရီပျိုးအချိန်မှစ၍ ပိတ်ထားရမည်။ ထိုတံခါးတို့ကို ဥပုသ်နေ့ကုန်မှပြန်ဖွင့်ရမည်ဟု ငါမှာထား၏။ ဥပုသ်နေ့တွင် အထုပ်အပိုးများ မသယ်ဆောင်လာရန် မြို့တံခါးများတွင် ငါ့လူအချို့ကို အစောင့်ချထား၏။ သို့ဖြစ်၍ ကုန်သည်များ၊ ကုန်ပစ္စည်းမျိုးစုံရောင်းချသူများသည် ဂျေရုဆလင်မြို့အပြင်ဘက်၌ တစ်ခါနှစ်ခါ ညအိပ်စောင့်ကြသေး၏။ ထို့ကြောင့် ငါက သူတို့အား “သင်တို့သည် အဘယ်ကြောင့် မြို့ရိုးရှေ့တွင် ညအိပ်ကြသနည်း။ ထိုသို့ ထပ်၍ပြုလျှင် သင်တို့ကို ဖမ်းမည်” ဟု သတိပေး၏။ ထိုအချိန်မှစ၍ ဥပုသ်နေ့တွင် သူတို့မလာတော့ချေ။ လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။ ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။ သူတို့၏သားသမီးတစ်ဝက်သည် အာဇုတ်ဘာသာစကားကိုပြော၏။ သူတို့သည် ယုဒဘာသာစကားကိုကား မပြောတတ်ကြပေ။ အခြားသောလူမျိုးတစ်မျိုးမျိုး၏ဘာသာစကားကိုသာ ပြောတတ်ကြ၏။ သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။ ယခုလည်း သင်တို့ပြုသော ဤမကောင်းမှုကြီးကို ငါတို့လက်ခံရမည်လော။ ဘုရားသခင်အပေါ် သစ္စာမဲ့၍ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သည်ကို ငါတို့လက်ခံရမည်လော”ဟု ငါပြော၏။ ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။ ငါသည် သူတို့ကို တိုင်းတစ်ပါးသားအပေါင်းတို့နှင့်ကင်းကင်းရှင်းရှင်းနေစေပြီးမှ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား သူတို့လုပ်ရမည့်အလုပ်အသီးသီးကို ပြန်လည်ချမှတ်ပေး၍ သတ်မှတ်ထားသောအချိန်တွင် လှူရမည့်ထင်းနှင့် အဦးဆုံးသီးနှံများကို စီမံပေး၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကျေးဇူးပြုတော်မူပါ။