ရှင်မာကု 9:1-13
ရှင်မာကု 9:1-13 Judson Bible (JBMLE)
ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊- အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုးပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။- မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- ထိုအခါ ပေတရုက အရှင်ဘုရား၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ၏။- တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။- ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။- ထိုခဏချင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှ မမြင်ကြ။ တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။- ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာ၌ရေးထားသည်အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။
ရှင်မာကု 9:1-13 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားတန်ခိုးအာဏာနှင့်တကွ ဘုရား သခင်၏နိုင်ငံတော်တည်သည်ကိုမမြင်မီ ဤ အရပ်ရှိလူအချို့တို့သည်မသေရကြ'' ဟု မိန့်တော်မူ၏။ ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုမြင့်သောတောင်ပေါ်သို့ ခေါ်ဆောင်သွားတော်မူ၏။ အခြားတစ်စုံတစ် ယောက်မျှမပါချေ။ သူတို့၏ရှေ့တွင်ကိုယ်တော် ၏အဆင်းသဏ္ဌာန်တော်သည်ပြောင်းလဲလေ၏။- အဝတ်တော်သည်တောက်ပလျက်လွန်မင်းစွာ ဖြူဖွေးလာ၏။ ဤမျှဖြူဖွေးစေရန်ဤလောက တွင်မည်သည့်ခဝါသည်မျှမတတ်နိုင်ရာ။- တပည့်တော်သုံးဦးတို့၏ရှေ့တွင် ဧလိယနှင့် မောရှေပေါ်လာ၍သခင်ယေရှုနှင့်စကား ပြောနေကြ၏။- ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။- တပည့်တော်တို့သည်လွန်မင်းစွာကြောက်လန့်လျက် ရှိကြသဖြင့် ပေတရုသည်မည်သို့လျှောက်ထားရ မည်ကိုမသိ၍ယင်းသို့လျှောက်ထားလိုက်သတည်း။ ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။- ထိုအခါတပည့်တော်တို့သည်မိမိတို့ပတ်လည် သို့လှည့်ကြည့်ကြသော်လည်း သခင်ယေရှုမှတစ် ပါးအခြားမည်သူ့ကိုမျှမတွေ့ရကြတော့ပေ။ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။- ထိုနောက်ကိုယ်တော်အား ``ကျမ်းတတ်ဆရာတို့ က ဦးစွာပထမဧလိယကြွလာလိမ့်မည်ဟု အဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက် ကြ၏။ ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။- ဧလိယသည်ကြွလာခဲ့ပြီ။ ကျမ်းစာလာသည် အတိုင်း လူတို့သည်သူ့အားပြုလိုရာပြုခဲ့ကြ ပြီဟုသင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
ရှင်မာကု 9:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်က“သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် တန်ခိုးနှင့်ပေါ်ထွန်းလာသော ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုသာခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ ဝတ်ရုံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ဖြူဖွေးစေရန် မဖွပ်နိုင်လောက်အောင် အလွန်ဖြူဖွေးတောက်ပလာလေ၏။ ဧလိယနှင့်မောရှေတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ယေရှုနှင့်စကားပြောနေကြ၏။ ထိုအခါ ပေတရုက “ရဗ္ဗိ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။ သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။ ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။ ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။ ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။ ထို့နောက် သူတို့က “ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဧလိယသည် ဦးစွာလာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ သို့ရာတွင် လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရပြီး ပစ်ပယ်ခြင်းကိုခံရမည်ဟု ရေးထားသည်မှာ မည်သို့နည်း။ သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီ။ လူတို့သည်လည်း သူနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည့်အတိုင်း သူ့အပေါ် ပြုလိုရာပြုခဲ့ကြပြီ”ဟု မိန့်တော်မူ၏။