ရှင်မာကု 6:45-56
ရှင်မာကု 6:45-56 Judson Bible (JBMLE)
စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။- စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်သို့ ကြွတော်မူ၏။- ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတော်မူ၏။- လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။- ထိုသို့ အိုင်ပေါ်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်၊ ဖုတ်တစ္ဆေဖြစ်သည်ဟု စိတ်ထင်နှင့် အော်ဟစ်ကြ၏။- ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။- အကြောင်းမူကား၊ သူတို့စိတ်နှလုံး မိုက်သည်ဖြစ်၍ မုန့်၌ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ။ ကမ်းတစ်ဖက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက်၍ လှေကို ဆိုက်ကြ၏။- လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ချင်းမှတ်မိလျှင်၊- ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ မည်သည်အရပ်၌ ရှိတော်မူသည်ဟု ကြားလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။- မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွားကိုမျှ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။
ရှင်မာကု 6:45-56 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အားအိမ် သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းမှာပင်တပည့် တော်တို့အားလှေတစ်စင်းပေါ်သို့တက်၍ အိုင်တစ် ဖက်ကမ်းရှိဗက်ဇဲဒရွာသို့ကူးနှင့်စေတော်မူ၏။- ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။- ညချမ်းအချိန်ကျရောက်သော်တပည့်တော်တို့၏ လှေသည် အိုင်အလယ်တွင်ရောက်လျက်နေ၏။ ကိုယ် တော်သည်ကားတစ်ကိုယ်တည်းကုန်းပေါ်မှာရှိ၏။- လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။- သူတို့သည်ရေပေါ်မှာကိုယ်တော်လမ်းလျှောက် နေသည်ကိုမြင်ကြသော်တစ္ဆေဟုထင်မှတ်၍ ဟစ်အော်ကြ၏။- သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။- ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။- အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။ ကိုယ်တော်နှင့်တပည့်တော်တို့သည် အိုင်တစ်ဖက် သို့ကူးကြ၏။ ဂင်နေသရက်မြို့သို့ရောက်လျှင် လှေကိုဆိုက်ကြ၏။- သူတို့လှေပေါ်မှဆင်းလျှင်ဆင်းချင်းလူတို့ သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့်၊- ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။- ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။
ရှင်မာကု 6:45-56 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။ လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ လှေသည် ပင်လယ်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်၌ တစ်ပါးတည်းရှိတော်မူ၏။ လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုကျော်ဖြတ်သွားမည်ပြုလေ၏။ တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တစ္ဆေဖြစ်သည်ဟုထင်မှတ်လျက် အော်ဟစ်ကြ၏။ သူတို့အားလုံးသည် ကိုယ်တော်ကိုတွေ့မြင်၍ တုန်လှုပ်ချောက်ချားကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်သည် ချက်ချင်းပင် သူတို့နှင့်စကားပြောလျက်“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။ အကြောင်းမူကား သူတို့သည် မုန့်နှင့်ပတ်သက်သောဖြစ်ရပ်ကိုနားမလည်ဘဲ သူတို့၏စိတ်နှလုံးမာကျောလျက်ရှိကြသောကြောင့်ဖြစ်၏။ ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။ လှေပေါ်မှ သူတို့ဆင်းကြရာ လူတို့သည် ကိုယ်တော်ကိုချက်ချင်းမှတ်မိကြသဖြင့် ထိုအရပ်ဒေသတစ်ဝန်းလုံးသို့ပြေးသွားကာ ကိုယ်တော်ရှိတော်မူသည်ဟု သူတို့ကြားရသည့်နေရာသို့ နာမကျန်းဖြစ်သူတို့ကို အိပ်ရာနှင့်တကွသယ်ဆောင်လာကြ၏။ ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။