ရှင်မာကု 5:24-34
ရှင်မာကု 5:24-34 Judson Bible (JBMLE)
ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊- များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- ယေရှု၏သတင်းတော်ကို ကြားသည်ရှိသော်၊- ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။- ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။- ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊- ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှာ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။- ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပျပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။- ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
ရှင်မာကု 5:24-34 Common Language Bible (BCL)
သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။ အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။- များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။- သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။- ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။- သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။- အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။ ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
ရှင်မာကု 5:24-34 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြပြီး ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။ ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ များစွာသောဆေးဆရာတို့ထံ၌ အလွန်ဝေဒနာခံစားရလျက် မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သည့်အကျိုးမျှမရှိသည်သာမက ရောဂါပို၍ဆိုးရွားလာသောအမျိုးသမီးတစ်ဦးသည် ယေရှုအကြောင်းကိုကြား၍ “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု ဆိုလျက် လူထုပရိသတ်ကြားမှ ကိုယ်တော်၏နောက်တော်သို့လာပြီး ဝတ်ရုံတော်ကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားသဖြင့် သူသည် ရောဂါဝေဒနာပျောက်ကင်းသွားကြောင်း မိမိကိုယ်ခန္ဓာ၌ ခံစားသိရှိရ၏။ ယေရှုသည် မိမိထံမှတန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူ၍ လူထုပရိသတ်ဘက်သို့လှည့်ကြည့်ကာ“ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့ကလည်း “ကိုယ်တော်ကိုတိုးဝှေ့နေကြသည့် လူထုပရိသတ်ကိုမြင်တော်မူပါလျက်နှင့် ‘ငါ့ကို မည်သူတို့ထိသနည်း’ဟူ၍ မေးတော်မူရပါသလော”ဟု ကိုယ်တော်အားလျှောက်ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသို့ပြုသောသူကိုတွေ့မြင်ရန် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူ၏။ ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌မည်သို့ဖြစ်ခဲ့သည်ကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ဟုတ်မှန်သည့်အတိုင်း အကုန်အစင်လျှောက်ထားလေ၏။ ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။