ရှင်မာကု 14:51-72
ရှင်မာကု 14:51-72 Judson Bible (JBMLE)
ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တစ်ယောက်သည် စောင်တစ်ထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကို ဖမ်းဆီးကြ၏။- သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။ ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။- ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။- လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။- အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊- ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သော ဗိမာန်တော်တစ်ဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။- သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။- ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မေးပြန်လျှင်၊- ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက် အဘယ်သက်သေကို လိုသေးသနည်း။- ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။ ပေတရုသည် အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါ မိန်းမတစ်ယောက်သည် လာ၍၊- ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။- နောက်တစ်ဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟု ဆိုသော်၊- ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆိုသည်နောက်၊- တစ်ဖန် ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ ငိုကြွေးလေ၏။
ရှင်မာကု 14:51-72 Common Language Bible (BCL)
ပိတ်ပိုင်းလွှာတစ်ခုကိုသာဝတ်ထားသည့်လူငယ် လူရွယ်တစ်ယောက်သည် ကိုယ်တော်၏နောက်တော် ကလိုက်လာ၏။ လူအချို့တို့သည်သူ့ကိုဖမ်း ဆီးမည်ပြုကြသောအခါ၊- သူသည်ပိတ်ပိုင်းလွှာကိုစွန့်၍အဝတ်မပါဘဲ ထွက်ပြေးလေ၏။ ထိုသူတို့သည်သခင်ယေရှုကို ယဇ်ပုရောဟိတ် မင်း၏ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ဘာသာရေးခေါင်း ဆောင်များနှင့်ကျမ်းတတ်ဆရာများသည် ထိုကျောင်းတော်တွင်စုရုံးလျက်ရှိနေကြ သည်။- ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။- လူအများပင်လိမ်လည်သက်သေခံကြ၏။ သို့ရာတွင်သူတို့၏ထွက်ဆိုချက်များကိုက် ညီမှုမရှိ။ လူအချို့တို့သည်ထ၍ ``လူ့လက်ဖြင့်တည်ဆောက် သော ဤဗိမာန်ကိုငါဖြိုဖျက်မည်။ ထိုနောက်သုံးရက် ကြာသောအခါ လူ့လက်ဖြင့်မတည်မဆောက်သည့် ဗိမာန်တော်ကိုငါတည်ဆောက်မည်ဟု သူပြောဆို သည်ကိုအကျွန်ုပ်တို့ကိုယ်တိုင်ကြားပါသည်'' ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။- သို့ရာတွင်ထိုသူတို့ထွက်ဆိုချက်များပင်လျှင် ကိုက်ညီမှုမရှိ။ ယဇ်ပုရောဟိတ်မင်းသည်လူပရိသတ်တို့အလယ် တွင်ရပ်လျက် သခင်ယေရှုအား ``ထိုသူတို့သင့်အား စွပ်စွဲပြောဆိုနေကြသည်ကို သင်သည်မည်သို့မျှ မဖြေဘဲနေသလော'' ဟုမေး၏။- သို့ရာတွင်ကိုယ်တော်သည်ဆိတ်ဆိတ်နေတော်မူ၏။ စကားတစ်ခွန်းကိုမျှပြန်၍ပြောတော်မမူ။ တစ် ဖန်ယဇ်ပုရောဟိတ်မင်းက ``သင်သည်မင်္ဂလာရှိ တော်မူသောဘုရားသခင်၏သားတော်မေရှိယ လော'' ဟုမေး၏။ သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။- ထိုအခါယဇ်ပုရောဟိတ်မင်းသည် မိမိ၏ အဝတ်ကိုဆွဲဆုတ်ပြီးလျှင် ``ငါတို့အဘယ်မှာ လျှင်သက်သေများထပ်၍လိုပါတော့မည်နည်း။- ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။- အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။ ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။- ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။ ပေတရုက ``သင်ပြောသည့်အရာကိုငါမသိ၊ နားမလည်'' ဟုငြင်းဆို၏။ ထိုနောက်သူသည် ဝင်း၏အဝင်ဝဆီသို့သွား၏။ ထိုအချိန်၌ ကြက်တွန်လေ၏။ အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။- ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။ ထိုနောက်များမကြာမီအနီးတွင်ရပ်နေသူတို့ က ``သင်သည်ဂါလိလဲပြည်သားဖြစ်သဖြင့် အမှန်ပင်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုသူ့အားဆိုကြ၏။ သို့ရာတွင်ပေတရုက ``သင်တို့ပြောသောသူ ကိုငါမသိ'' ဟုဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။
ရှင်မာကု 14:51-72 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကိုဖမ်းဆီးကြ၏။ သို့သော် သူသည် ပိတ်ချောထည်ကိုထားခဲ့၍ အဝတ်မပါဘဲထွက်ပြေးသွားလေ၏။ ထို့နောက် သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြရာ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းပြုဆရာများအားလုံးသည် စုဝေးလာကြ၏။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့်သက်သေကို ရှာကြသော်လည်း မတွေ့ကြ။ အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။ ထိုအခါ လူအချို့တို့သည်ထ၍ ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုလျက် “ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။ သို့သော် သူတို့၏သက်သေခံချက်သည်လည်း အလားတူပင်ကိုက်ညီမှုမရှိပေ။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှမဖြေကြားဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသောအရှင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်သလော”ဟု မေးလေ၏။ ယေရှုကလည်း“ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။ ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။ ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍ မီးလှုံနေသောပေတရုကိုတွေ့လျှင် သူ့ကိုစူးစိုက်ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။ ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။ ပေတရုကလည်း “သင်တို့ပြောနေသည့်လူကို ငါမသိ”ဟု တိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည်“ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သောစကားကို သတိရသဖြင့် ချုံးပွဲချငိုကြွေးလေ၏။