ရှင်မာကု 1:16-45
ရှင်မာကု 1:16-45 Judson Bible (JBMLE)
ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊- ထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။- ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှားတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။- ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။- ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊- ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။- ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊- ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။- လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။- သတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်း နှံ့ပြားကျော်စောလေ၏။ တရားဇရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ချင်းသွားကြ၏။- ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကို ကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူ ရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊- တစ်မြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။- အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။ နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- ရှိမုန်နှင့် သူ၏အပေါင်းအဖော်တို့သည် လိုက်၍ရှာကြသော်၊- ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟု လျှောက်ဆို၏။- ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊- ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။ နူနာစွဲသောသူတစ်ယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။- ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။- ယေရှုကလည်း၊ သင်သတိပြု။- အဘယ်သူအား စကားတစ်ခွန်းကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မြစ်တား၍ ချက်ချင်း လွှတ်လိုက်တော်မူ၏။- ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။
ရှင်မာကု 1:16-45 Common Language Bible (BCL)
ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။- သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။- ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။ ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။- ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။- ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။ ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။- ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။ သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။- ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။- လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။- ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။ ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။- ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။- နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။- တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။- ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။ နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။- ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။- တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။ အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။ ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။- မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။- ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။ ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
ရှင်မာကု 1:16-45 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ ယေရှုက“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။ တစ်ဖန် အနည်းငယ်ဆက်၍ကြွတော်မူရာ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ၏ညီယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် လှေထဲ၌ ပိုက်ကွန်များကိုဖာထေးနေကြ၏။ ကိုယ်တော်သည် သူတို့ကိုချက်ချင်းခေါ်တော်မူလျှင် သူတို့သည် မိမိတို့ဖခင်ဇေဗေဒဲကို လူငှားတို့နှင့်အတူ လှေထဲ၌ထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။ ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။ ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။ ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့အထဲမှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။ ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။ ထို့နောက် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာ၍ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့်အန္ဒြေတို့အိမ်သို့ ချက်ချင်းသွားကြ၏။ ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။ ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။ ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။ ထိုအခါ ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူများစွာတို့ကို ကိုယ်တော်သည်ကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အားစကားပြောခွင့်ပေးတော်မမူ။ နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။ ထိုအခါ ရှိမုန်နှင့်သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော်ကိုလိုက်ရှာ၍ ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။ အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။ ကိုယ်တော်သည် ကြင်နာစိတ်ရှိတော်မူသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွား၍ သူသည် စင်ကြယ်ခြင်းသို့ရောက်လေ၏။ ကိုယ်တော်ကလည်း“မည်သူ့ကိုမဆို မည်သည့်အရာမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု တင်းကျပ်စွာမှာကြားလျက် သူ့ကိုချက်ချင်းပြန်သွားစေတော်မူ၏။ သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။