ရှင်မဿဲ 9:18-31
ရှင်မဿဲ 9:18-31 Judson Bible (JBMLE)
ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူနောက်သို့ လိုက်တော်မူ၏။- ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတစ်ယောက်က၊- ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။- ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြုကြသည်ကိုမြင်လျှင်၊- ဖယ်ရှားကြလော့။ မိန်းမငယ် သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။- ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။- ထိုသတင်းစကားသည် တစ်ပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။- ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူ နှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။- အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။- ထိုအခါ သူတို့၏မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော်မူလျှင်၊- သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- သို့သော်လည်း ထိုသူတို့သည်သွား၍ သတင်းတော်ကို တစ်ပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။
ရှင်မဿဲ 9:18-31 Common Language Bible (BCL)
သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။ သို့ဖြစ်၍သခင်ယေရှုသည်ထတော်မူ၍ထို သူနှင့်အတူကြွတော်မူ၏။ တပည့်တော်တို့ လည်းလိုက်သွားကြ၏။ တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲကပ် နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်သို့ချဉ်းကပ်ပြီးလျှင်၊- ``ဝတ်လုံတော်အမြိတ်ကိုမျှလက်နှင့်တို့ထိရလျှင် ငါ၏ရောဂါပျောက်လိမ့်မည်'' ဟုတစ်ကိုယ်တည်းပြော ဆိုလျက်ဝတ်လုံတော်အမြိတ်ကိုတို့ထိလေ၏။ သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။ သခင်ယေရှုသည်တရားဇရပ်အုပ်ချုပ်ရေးမှူး ၏အိမ်သို့ရောက်တော်မူလျှင် တီးမှုတ်သူများနှင့် ဆူညံလျက်နေသောလူပရိသတ်ကိုမြင်တော်မူ ၏။- ထိုအခါကိုယ်တော်က ``ဖယ်ကြ။ သူငယ်မသေ သည်မဟုတ်။ အိပ်လျက်သာနေ၏'' ဟုမိန့်တော်မူ လျှင်သူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ၏။- ကိုယ်တော်သည်လူတို့ကိုအပြင်သို့ထွက်စေပြီး နောက်အခန်းထဲသို့ဝင်၍ သူငယ်မ၏လက်ကို ကိုင်လျက်ထူမတော်မူသောအခါသူငယ်မ သည်ထလေ၏။- ဤအဖြစ်အပျက်သတင်းသည်ထိုဒေသတွင် ပျံ့နှံ့သွားလေ၏။ သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွတော် မူသောအခါမျက်မမြင်နှစ်ယောက်သည် ``ဒါဝိဒ် ၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော်လျက်နောက်တော်သို့လိုက်လာကြ၏။ ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``သင်တို့ယုံကြည်သည့် အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူလျက်သူတို့၏ မျက်စိများကိုလက်ဖြင့်တို့ထိတော်မူ၏။- ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။ သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
ရှင်မဿဲ 9:18-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။ ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။ ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။ ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင်“သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။ ထို့နောက် ယေရှုသည် ထိုအကြီးအကဲ၏အိမ်သို့ရောက်တော်မူ၍ ပလွေမှုတ်သူတို့နှင့် ရုတ်ရုတ်သဲသဲဖြစ်နေသောလူအစုအဝေးတို့ကိုမြင်လျှင် “ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ သို့သော် ကိုယ်တော်သည် လူအစုအဝေးတို့ကို အပြင်သို့ထွက်စေပြီးနောက် အထဲသို့ဝင်၍ မိန်းကလေး၏လက်ကိုကိုင်တော်မူရာ မိန်းကလေးသည်ထလေ၏။ ဤသတင်းသည်လည်း ထိုနယ်တစ်နယ်လုံးသို့ ပျံ့နှံ့သွား၏။ ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။ အိမ်ထဲသို့ ဝင်တော်မူသောအခါ ထိုမျက်မမြင်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ယေရှုကလည်း“ဤအရာကို ငါလုပ်နိုင်သည်ဟု သင်တို့ယုံကြည်ကြသလော”ဟု မေးတော်မူလျှင် သူတို့က “ယုံကြည်ပါ၏ သခင်ဘုရား”ဟု ပြန်လျှောက်ကြ၏။ ထိုအခါ ယေရှုသည် သူတို့၏မျက်စိကိုတို့လျက်“သင်တို့၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသော် သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။ သို့သော် သူတို့သည် ထွက်သွား၍ ကိုယ်တော်၏သတင်းကို ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့စေကြ၏။