YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:1-38

ရှင်မဿဲ 9:1-38 Judson Bible (JBMLE)

ထို​အ​ခါ ကိုယ်​တော်​သည် လှေ​စီး၍ ကူး​ပြန်​သ​ဖြင့်၊ မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။- လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ထ၍ မိ​မိ​အိမ်​သို့ သွား​လေ၏။- လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။- ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။- ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။- ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့ သာ​လျှင် အ​လို​ရှိ​ကြ၏။- ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။- ၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။- ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။- ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။- ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။- အ​ရာ​ရှိ​အိမ်​သို့ ရောက်​တော်​မူ၍ တီး​မှုတ်​သော သူ​တို့​နှင့် များ​စွာ​သော​လူ​တို့​သည် အုန်း​အုန်း​သဲ​သဲ ပြု​ကြ​သည်​ကို​မြင်​လျှင်၊- ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။- ထို​လူ​များ​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ အ​တွင်း​သို့​ဝင်၍၊ မိန်း​မ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​သည်​တွင် သူ​သည် ထ​လေ၏။- ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။- ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။- ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။- ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​က၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။- ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

ရှင်မဿဲ 9:1-38 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​လှေ​ကို​စီး​၍​အိုင်​တစ်​ဖက်​သို့ ကူး​ပြီး​လျှင်​မိ​မိ​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။- ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။- `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ​ထ​၍ လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။- သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``ထ​လော့၊ ထမ်း​စင် ကို​ထမ်း​၍​အိမ်​သို့​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ထ​၍​အိမ်​သို့​ပြန်​လေ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။- ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။ ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။- `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။ မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။- ထို့​အ​ပြင်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​လေ့​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား​ရေ​ဘူး​သည် ပေါက်​ပြဲ​၍​စ​ပျစ်​ရည်​ယို​ထွက်​ကုန်​လိမ့်​မည်။ သား ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့်​မည်။ သို့​ဖြစ်​၍ စ​ပျစ်​ရည်​နှင့်​သား​ရေ​ဘူး​ပါ​မ​ပျက်​မ​စီး​ဘဲ ရှိ​စေ​ရန်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင် သာ​ထည့်​ရ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ထ​တော်​မူ​၍​ထို သူ​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့ လည်း​လိုက်​သွား​ကြ​၏။ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊- ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။ သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။- ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။- ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။- ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။- ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။ ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။- နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။- ထို့​ကြောင့်​ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ သော်​လည်း ရိတ်​သိမ်း​သော​လုပ်​သား​တို့​ကား​နည်း လှ​၏။- သို့​ဖြစ်​၍​လုပ်​သား​များ​စေ​လွှတ်​ပေး​ရန်​စ​ပါး​ရှင် အား​ဆု​တောင်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

ရှင်မဿဲ 9:1-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သည်”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ မကောင်း​သော​အရာ​များ​ကို စဉ်းစား​ဆင်ခြင်​နေ​ကြ​သနည်း။ ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ ဤ​အခြင်းအရာ​ကို​တွေ့မြင်​သော လူထု​ပရိသတ်​တို့​သည် ကြောက်ရွံ့​လျက် လူ​တို့​အား ဤသို့​သော​အခွင့်​အာဏာ​ကို ပေး​တော်မူ​သော ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲတွင် စားပွဲ​၌​ထိုင်​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​တို့​နှင့်​အပြစ်သား​တို့​သည် ရောက်လာ​၍ တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ ထို​အခြင်းအရာ​ကို ဖာရိရှဲ​တို့​မြင်​လျှင် တပည့်​တော်​တို့​အား “သင်​တို့​၏​ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု မေးမြန်း​ကြ​၏။ ကိုယ်တော်​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယောဟန်​၏​တပည့်​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​နှင့်​ဖာရိရှဲ​တို့​သည် မကြာခဏ အစာရှောင်​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​တော်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ ဝမ်းနည်း​ကြေကွဲ​နိုင်​ကြ​မည်​လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ ရောက်လာ​လိမ့်မည်။ ထိုအခါ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။ မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ အကြောင်းမူကား ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို​လည်း သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် သားရေဘူး​သည် ပေါက်ပြဲ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံး​ကို တာရှည်​ထိန်းသိမ်း​နိုင်​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အတူတကွ​လိုက်​သွား​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​နေ​သော​အမျိုးသမီး​တစ်​ဦး​သည် “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​ပြီး ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို တို့ထိ​လေ​၏။ ယေရှု​သည် လှည့်ကြည့်​၍ သူ့​ကို​မြင်​တော်မူ​လျှင်“သမီး၊ မစိုးရိမ်​နှင့်။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​အမျိုးသမီး​သည် ကျန်းမာ​လာ​လေ​၏။ ထို့နောက် ယေရှု​သည် ထို​အကြီးအကဲ​၏​အိမ်​သို့​ရောက်​တော်မူ​၍ ပလွေ​မှုတ်​သူ​တို့​နှင့် ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​သော​လူ​အစုအဝေး​တို့​ကို​မြင်​လျှင် “ဖယ်​ကြ​လော့။ မိန်းကလေး​သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် လူ​အစုအဝေး​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးနောက် အထဲသို့​ဝင်​၍ မိန်းကလေး​၏​လက်​ကို​ကိုင်​တော်မူ​ရာ မိန်းကလေး​သည်​ထ​လေ​၏။ ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။ ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။ အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။ ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။ သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။ ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​က“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။