YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:1-31

ရှင်မဿဲ 24:1-31 Judson Bible (JBMLE)

ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သည်​ရှိ​သော်၊ တ​ပည့်​တော်​တို့​သည် ဗိ​မာန်​တော်၏ တိုက်​ဆောင်​များ​ကို ပြ​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။- ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။- လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။- ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။- ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။- အ​ချင်း​ချင်း မုန်း​ကြ​လိမ့်​မည်။ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ပေါ်​လာ၍ လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။- အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။- လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။ ထို​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရပ်​ဌာ​န၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို​ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။- ထို​သို့ မြင်​ရ​လျှင်၊ ယု​ဒ​ပြည်၌ ရှိ​သော​သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။- လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို ယူ​ခြင်း​ငှာ နောက်​သို့ မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။- သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌​မ​ကျ၊ ဥ​ပုသ်​နေ့၌​လည်း မ​ကျ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ကြီး​စွာ​သော ဒု​က္ခ​သည် ထို​ကာ​လ၌ ဖြစ်​လိမ့်​မည်။- ထို​ကာ​လ​တာ​ရှည်​လျှင် အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​သော​သူ​တို့​အ​ဖို့​အ​လို့​ငှာ ထို​ကာ​လ​သည် တို​လိမ့်​မည်။ ထို​အ​ခါ သူ​တစ်​ပါး​က ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။- ထို​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ပြော​နှင့်​ပြီ။- ထို​ကြောင့် သူ​တို့​က ခ​ရစ်​တော်​သည် တော၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ထွက်​မ​သွား​ကြ​နှင့်။ တိုက်​ခန်း၌ ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။- လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။- အ​သေ​ကောင်​ရှိ​ရာ၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့။ ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ရှင်မဿဲ 24:1-31 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ ကို​ကိုယ်​တော်​အား​ပြ​ကြ​၏။- ကိုယ်​တော်​က ``ဤ​အ​ဆောက်​အ​အုံ​အ​ပေါင်း​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​အ​ဆောက်​အ​အုံ တို့​သည်​ကျောက်​တစ်​တုံး​ပေါ်​တစ်​တုံး​တင်​၍ မ​ကျန်​ရစ်​သည်​တိုင်​အောင်​ပြို​ပျက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​အ​ဘယ်​သူ မျှ​မလှည့်​စား​စေ​ရန်​သ​တိ​ပြု​လော့။- `ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။- သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။- လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်ငံ​နှင့်​တစ်​နိုင်​ငံ စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​တွင် အ​စာ​ခေါင်း​ပါး​၍​မြေ​င​လျင်​လှုပ်​လိမ့်​မည်။- ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။ ``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။- ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။- တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။- ဆိုး​ညစ်​မှု​များ​ပြား​လာ​သ​ဖြင့်​လူ​တို့​တွင်​မေတ္တာ ခေါင်း​ပါး​လိမ့်​မည်။- သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သူ​ကို ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​လိမ့်​မည်။- နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။ ``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)- ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။- အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။- လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။- သင်​တို့​သည်​ထွက်​ပြေး​ရ​မည့်​အ​ချိန်​ကာ​လ​သည် ဆောင်း​ဥ​တု​၌​သော်​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​၌ သော်​လည်း​ကောင်း​မ​ကျ​မ​ရောက်​ပါ​စေ​နှင့်​ဟု ဆု​တောင်း​ကြ​လော့။- ထို​ကာ​လ​၌​အ​လွန်​ဆိုး​ရွား​သော​ဆင်း​ရဲ​ဒုက္ခ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​မျှ​ဆိုး​ရွား​သော​ဆင်း​ရဲ ဒုက္ခ​မျိုး​ကို​ကမ္ဘာ​ဦး​မှ​စ​၍​အ​ဘယ်​ကာ​လ​၌ မျှ​လူ​တို့​မ​ကြုံ​စ​ဖူး၊ နောင်​ကာ​လ​၌​လည်း တွေ့​ကြုံ​ရ​ကြ​မည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။'' ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​လျှင်​မ​ယုံ​ကြ​နှင့်။- မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။- ဤ​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ကြို​တင်​၍​ငါ​ဖော်​ပြ​ပြီ။'' ``လူ​တို့​က `ကြည့်​လော့။ မေ​ရှိ​ယ​သည်​တော​ကန္တာ​ရ တွင်​ရှိ​သည်' ဟု​ဆို​လျှင်​မ​သွား​ကြ​နှင့်။ `အိမ်​ခန်း ထဲ​မှာ​ရှိ​သည်' ဟု​ဆို​လျှင်​လည်း​မ​ယုံ​ကြ​နှင့်။- လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။'' ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင်​လင်း​တ​တို့​စု​ရုံး ကြ​လတ္တံ့။'' ``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။- ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။- ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

ရှင်မဿဲ 24:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​အား ဗိမာန်​တော်​အဆောက်အအုံ​များ​ကို​ပြ​ကြ​၏။ ကိုယ်တော်​က​လည်း“ဤ​အရာ​အားလုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူ​သုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည်​ခရစ်တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်မည်။ သတိပြု​လျက် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည်​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​အားလုံး​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။ ထို့နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်စက်​ရန် အပ်နှံ​၍ သင်​တို့​ကို သတ်ဖြတ်​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ့​နာမ​ကြောင့် လူမျိုး​တကာ​တို့​၏​မုန်းတီး​ခြင်း​ကို ခံရ​ကြ​လိမ့်မည်။ ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ပေါ်လာ​၍ လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ တရားမဲ့​ခြင်း​သည်​လည်း များပြား​လာ​သဖြင့် များစွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်းပါး​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ဤ​ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​ထံ​သက်သေ​ဖြစ်​မည့်အကြောင်း ကမ္ဘာ​တစ်ဝန်းလုံး​၌ ဟောပြော​ကြ​လိမ့်မည်။ ထို့နောက်မှ အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထို့ကြောင့် ပရောဖက်​ဒံယေလ​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့် ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ သည် သန့်ရှင်း​သော​နေရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့ ထွက်ပြေး​ကြ​စေ။ လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်သို့​မ​ဆင်း​စေ​နှင့်။ လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​၏​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။ ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ သင်​တို့​ထွက်ပြေး​ရ​မည့်​အချိန်​သည် ဆောင်း​ရာသီ​နှင့်​ဥပုသ်နေ့​တို့​မ​ဖြစ်​စေရန် ဆုတောင်း​ကြ​လော့။ အကြောင်းမူကား ကမ္ဘာ​ဦး​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ကြီးမား​သည့် ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌ ကျရောက်​လိမ့်မည်။ ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​လိမ့်မည်။ ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။ အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင် လှည့်ဖြား​ရန် ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။ နားထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။ ထို့ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်တော်​သည် တော​ကန္တာရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အတွင်း​ခန်း​ထဲ၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။ အကြောင်းမူကား လျှပ်စီး​သည် အရှေ့​အရပ်​မှ​လက်​ပြီး အနောက်​အရပ်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူ့သား​၏​ကြွလာ​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ အသေကောင်​ရှိ​ရာ​အရပ်​၌ လင်းတ​တို့​သည် စုဝေး​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​၏​ဆင်းရဲ​ဒုက္ခ​ပြီးဆုံး​သည်​နှင့် ချက်ချင်း​ပင် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။ ထို့နောက် လူ့သား​၏​နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ထင်ရှား​လိမ့်မည်။ ထိုအခါ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​တို့​သည် ရင်ဘတ်​စည်တီး​လျက် မြည်တမ်း​ကာ လူ့သား​သည် တန်ခိုး​နှင့်​ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​များ​စီး​လျက် ကြွလာ​သည်​ကို မြင်​ရ​ကြ​လိမ့်မည်။ ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။