ရှင်မဿဲ 24:1-28
ရှင်မဿဲ 24:1-28 Judson Bible (JBMLE)
ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။- ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။- လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။- ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။- အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။- လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။- ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။- အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။- လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ နောက်သို့ မပြန်စေနှင့်။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။- အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။- ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။ ထိုအခါ သူတစ်ပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။- ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။- အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့။
ရှင်မဿဲ 24:1-28 Common Language Bible (BCL)
သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။- ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။ သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။- `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။- သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။- လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။- ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။ ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။- ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။- တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။- ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။- သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။- နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။ ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)- ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။- အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။- လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။- ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။- သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။- ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။- ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။'' ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။- မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။- ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။'' ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။- လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။'' ``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''
ရှင်မဿဲ 24:1-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ဗိမာန်တော်မှ ထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ ကိုယ်တော်အား ဗိမာန်တော်အဆောက်အအုံများကိုပြကြ၏။ ကိုယ်တော်ကလည်း“ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။ ယေရှုကလည်း“မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။ ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။ ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။ များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။ ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ ထွက်ပြေးကြစေ။ လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။ လယ်၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။ ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့်ဥပုသ်နေ့တို့မဖြစ်စေရန် ဆုတောင်းကြလော့။ အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။ ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။ ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။ နားထောင်ကြလော့။ သင်တို့အား ငါကြိုတင်ပြောထားပြီ။ ထို့ကြောင့် လူတို့က ‘ကြည့်လော့။ ကိုယ်တော်သည် တောကန္တာရ၌ရှိသည်’ဟု ပြောလျှင်လည်း ထွက်မသွားကြနှင့်။ ‘ကြည့်လော့။ အိမ်အတွင်းခန်းထဲ၌ရှိသည်’ဟု ပြောလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။ အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။