YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:1-23

ရှင်မဿဲ 2:1-23 Judson Bible (JBMLE)

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။- ယ​ခု ဖွား​မြင်​သော ယု​ဒ​ရှင်​ဘု​ရင်​သည်၊ အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ အ​ရှေ့​ပြည်၌ သူ၏​ကြယ်​ကို ငါ​တို့ မြင်​ရ​သည်​ဖြစ်၍ ဖူး​တွေ့​ပူ​ဇော်​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။- ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။- ထို​ဆ​ရာ​တို့​က​လည်း၊ ပ​ရော​ဖက်​တစ်​ဦး ရေး​ထား​သော​အ​ချက် ဟူ​မူ​ကား၊- အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည်၊ မာ​ဂု​ပ​ညာ​ရှိ​တို့​ကို မ​ထင်​မ​ရှား​ခေါ်၍ ကြယ်​ပေါ်​ထွန်း​သော အ​ချိန်​ကာ​လ​ကို စေ့​စေ့​မေး​မြန်း​ပြီး​မှ၊- သင်​တို့​သွား၍ ထို​သူ​ငယ်​ကို ကြိုး​စား​ရှာ​ကြ​ပါ။ တွေ့​လျှင် ငါ့​ထံ​သို့​ပြန်​လာ၍ ငါ​လည်း ထို​သူ​ငယ်​ကို ဖူး​တွေ့​ပူ​ဇော်​ရ​အောင် ကြား​ပြော​ကြ​ပါ​ဟု မှာ​ထား​တော်​မူ​လျက်၊ ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ၏။- ထို​သူ​တို့​သည် မင်း​ကြီး​စ​ကား​ကို နာ​ခံ​ပြီး​လျှင်​ထွက်​သွား​ကြ၍ အ​ရှေ့​ပြည်၌​မြင်​ရ​သော ကြယ်​သည် သူ​တို့​ရှေ့​က​သွား​သ​ဖြင့် သူ​ငယ်​တော်​ရှိ​ရာ​အ​ရပ်​အ​ပေါ်​သို့ ရောက်၍ တည်​လျက်​နေ၏။- ထို​ကြယ်​ကို မြင်​ပြန်​သော​အ​ခါ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍၊- အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။- နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။- ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။- ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့်​သူ​ငယ်​တော်​ကို ည​အ​ချိန်၌ ဆောင်​ယူ​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်​သို့ ထွက်​သွား၍၊- ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လေ၏။ ဤ​အ​ကြောင်း​အ​ရာ​ကား၊ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော​ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။- ပ​ရော​ဖက်​ယေ​ရ​မိ ဟော​ဖူး​သည်​ကား၊- ရာ​မ​အ​ရပ်၌ သည်း​စွာ​သော​ညည်း​တွား​ငို​ကြွေး မြည်​တမ်း​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့ မ​ရှိ​သော​ကြောင့် ငို၍​စိတ်​မ​ပြေ​နိုင် ဟူ​သော​စ​ကား​သည် ထို​အ​ခါ၌ အ​မှန်​ကျ​သ​တည်း။- ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊- သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။- ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊- ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊- ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။

ရှင်မဿဲ 2:1-23 Common Language Bible (BCL)

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊- ``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။- ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။- ဟေ​ရုဒ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​ကို​စု​ဝေး​စေ​လျက် ``မေ​ရှိ​ယ သည်​အ​ဘယ်​အ​ရပ်​တွင်​ဖွား​မြင်​လိမ့်​မည်​နည်း'' ဟု​မေး​၏။- ထို​သူ​တို့​က ``ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင်​ဖွား​မြင် ပါ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​တစ်​ဦး က၊ `အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊သင်​သည်​ယု​ဒ​ပြည်​ရှိ မြို့​များ​အ​နက်​သိမ်​ငယ်​လှ​သော​မြို့​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင်​၏​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်' ဟု​ဟော​ကြား​ထား​ပါ​သည်'' ဟူ​၍​လျှောက်​ထား ကြ​၏။ ထို​အ​ခါ​ဟေ​ရုဒ်​မင်း​သည်​ပ​ညာ​ရှိ​တို့​ကို​လျှို့ ဝှက်​စွာ​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​သေ​ချာ​စွာ​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။- ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။- သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။ ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။ ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။- ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့ ကို​ခေါ်​ဆောင်​ကာ​ညဥ့်​အ​ခါ အီ​ဂျစ်​ပြည်​သို့​ထွက် ခွာ​သွား​ပြီး​လျှင်​ဟေ​ရုဒ်​မင်း​ကွယ်​လွန်​သည်​တိုင် အောင်​ထို​ပြည်​တွင်​နေ​၏။ ဤ​အ​မှု​အ​ရာ​ကား ``ငါ့​သား​ကို​အီ​ဂျစ်​ပြည်​မှ ခေါ်​ခဲ့​၏'' ဟူ​၍​ပ​ရော​ဖက်​အား​ဖြင့်​မိန့်​ကြား​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။ ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။ ဤ​သို့​လျှင်၊ ``ရာ​မ​အ​ရပ်​တွင်​လွန်​စွာ​ဝမ်း​နည်း​ပူ​ဆွေး ငို​ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရ​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​က​လေး​များ​အ​တွက် ငို​ယို​၍​နေ​၏။ က​လေး​တို့​သေ​ကြ​ပြီး​ဖြစ်​၍​သူ့​အား နှစ်​သိမ့်​၍​မ​ရ​နိုင်'' ဟူ​သော​ပ​ရော​ဖက်​ယေ​ရ​မိ​၏​စ​ကား​သည်​မှန် ၍​လာ​တော့​၏။ ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။- ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။- ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို ဆောင်​ယူ​ကာ ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​သွား​လေ​၏။ ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊- နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။

ရှင်မဿဲ 2:1-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍ “ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။ ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။ ထိုအခါ မင်းကြီး​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​ကျမ်းပြု​ဆရာ​အပေါင်း​တို့​ကို​စုဝေး​စေ​၍ ခရစ်တော်​သည် မည်သည့်​အရပ်​၌​ဖွားမြင်​မည်​ကို သူ​တို့​အား မေးမြန်း​လေ​၏။ သူ​တို့​က​လည်း “ယုဒ​ပြည်၊ ဗက်လင်​မြို့​၌​ဖြစ်​ပါ​သည်။ အဘယ်ကြောင့်​ဆိုသော် ‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။ ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​ကို တိတ်တဆိတ်​ခေါ်​၍ ကြယ်​ပေါ်ထွန်း​သည့်​အချိန်​ကာလ​ကို သူ​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ပြီးမှ “သွား​၍ သူငယ်​တော်​ကို သေချာ​စွာ​ရှာဖွေ​စုံစမ်း​ကြ​လော့။ သင်​တို့​တွေ့​သောအခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိခိုး​နိုင်​ရန် ငါ့​ကို​အကြောင်းကြား​ကြ​လော့”​ဟု မိန့်မှာ​လျက် သူ​တို့​ကို ဗက်လင်​မြို့​သို့ စေလွှတ်​လေ​၏။ သူ​တို့​သည် မင်းကြီး​၏​မိန့်မှာ​ချက်​ကို​နားထောင်​ပြီးမှ ထွက်သွား​ကြ​ရာ အရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူငယ်​တော်​ရှိ​သည့်​နေရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်အောင် သူ​တို့​ရှေ့မှ​သွား​လေ​၏။ သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သောအခါ အလွန်​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြ​ပြီး အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။ ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။ ထို​သူ​တို့​ထွက်သွား​ကြ​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​လျက် အီဂျစ်​ပြည်​သို့​ထွက်ပြေး​၍ နောက်တစ်ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လော့။ အကြောင်းမူကား ဟေရုဒ်​မင်းကြီး​သည် သူငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံရွယ်​နေ​၏”​ဟု မြွက်ဆို​လေ​၏။ ထိုအခါ ယောသပ်​သည်​ထ​၍ ည​အချိန်​၌​ပင် သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို ခေါ်ဆောင်​ကာ အီဂျစ်​ပြည်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤသည်ကား “ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်ထုတ်​ခဲ့​၏”​ဟု ပရောဖက်​အားဖြင့် ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။ ထိုအခါ “ရာမ​မြို့​၌ သည်းထန်​သော​ငိုကြွေး​ခြင်း​နှင့်​မြည်တမ်း​ခြင်း​အသံ​ကို ကြား​ရ​၏။ ရာခေလ​သည် သူ​၏​ကလေး​များ​အတွက်​ငိုကြွေး​ကာ ကလေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်၍ နှစ်သိမ့်​ပေး​ခြင်း​ကို​အလို​မ​ရှိ”​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် အီဂျစ်​ပြည်​၌​ရှိ​သော​ယောသပ်​အား အိပ်မက်​တွင်​ထင်ရှား​ကာ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​၍ အစ္စရေး​ပြည်​သို့​ပြန်​သွား​လော့။ အကြောင်းမူကား သူငယ်​တော်​၏​အသက်​ကို ရန်ရှာ​ခဲ့​သော​သူ​တို့​သည် သေဆုံး​ကြ​လေ​ပြီ”​ဟု မြွက်ဆို​၏။ ထိုအခါ ယောသပ်​သည်​ထ​၍ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်ဆောင်​ကာ အစ္စရေး​ပြည်​သို့ ပြန်လာ​လေ​၏။ သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍ နာဇရက်​ဟု​ခေါ်​သော​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏။ ဤသည်ကား “ကိုယ်တော်​သည် နာဇရက်​မြို့သား​ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​လိမ့်မည်”​ဟူ၍ ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။