ရှင်မဿဲ 2:1-18
ရှင်မဿဲ 2:1-18 Judson Bible (JBMLE)
ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။- ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။- ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသောအချက် ဟူမူကား၊- အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- သင်တို့သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။- ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသော ကြယ်သည် သူတို့ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ ရောက်၍ တည်လျက်နေ၏။- ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊- အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။- ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တစ်ဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။- ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညအချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊- ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။- ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကို ထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။- ပရောဖက်ယေရမိ ဟောဖူးသည်ကား၊- ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။
ရှင်မဿဲ 2:1-18 Common Language Bible (BCL)
ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊- ``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။- ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။- ဟေရုဒ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများကိုစုဝေးစေလျက် ``မေရှိယ သည်အဘယ်အရပ်တွင်ဖွားမြင်လိမ့်မည်နည်း'' ဟုမေး၏။- ထိုသူတို့က ``ယုဒပြည်ဗက်လင်မြို့တွင်ဖွားမြင် ပါလိမ့်မည်။ ကျမ်းစာတော်တွင်ပရောဖက်တစ်ဦး က၊ `အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။ ထိုအခါဟေရုဒ်မင်းသည်ပညာရှိတို့ကိုလျှို့ ဝှက်စွာခေါ်၍ ကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုသေချာစွာစုံစမ်းမေးမြန်းတော်မူ၏။- ထိုနောက်မင်းကြီးသည်ထိုသူတို့အား ``သင်တို့ သွား၍သူငယ်ကိုတွေ့အောင်ရှာကြပါ။ တွေ့သော အခါငါလည်းသူ့ကိုဖူးမြော်ပူဇော်နိုင်ရန် ငါ့ ထံလာ၍အကြောင်းကြားကြပါ'' ဟုမိန့်မှာ လျက်ဗက်လင်မြို့သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ထိုသူတို့သည်ထွက်သွားကြရာသူ တို့တွေ့မြင်ခဲ့သည့်ကြယ်ကိုမြင်ပြန်သဖြင့် လွန် စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ ထိုကြယ်သည် လည်းသူတို့အားရှေ့ဆောင်ကာသူငယ်တော်ရှိ ရာအရပ်ပေါ်သို့ရောက်လျှင်ရပ်တန့်လေ၏။- သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။ ဟေရုဒ်မင်းထံသို့မပြန်ကြရန်အိပ်မက်တွင် ဘုရား သခင်သတိပေးတော်မူသဖြင့် သူတို့သည်အခြား လမ်းဖြင့်မိမိတို့တိုင်းနိုင်ငံသို့ပြန်သွားကြ၏။ ပညာရှိများထွက်ခွာသွားကြပြီးနောက်ယောသပ် သည် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါး ကိုအိပ်မက်တွင်မြင်ရ၏။ ကောင်းကင်တမန်က ``ထ လော့၊ သူငယ်တော်နှင့်မယ်တော်ကိုခေါ်၍အီဂျစ် ပြည်သို့ထွက်ပြေးလော့။ ဟေရုဒ်မင်းသည်သူငယ် တော်ကိုသတ်ရန်ရှာလိမ့်မည်။ သင်တို့အားပြန် လာရန်ငါအမိန့်မပေးမချင်းထိုအရပ်တွင် နေလော့'' ဟုဆို၏။- ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်တို့ ကိုခေါ်ဆောင်ကာညဥ့်အခါ အီဂျစ်ပြည်သို့ထွက် ခွာသွားပြီးလျှင်ဟေရုဒ်မင်းကွယ်လွန်သည်တိုင် အောင်ထိုပြည်တွင်နေ၏။ ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။ ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။ ဤသို့လျှင်၊ ``ရာမအရပ်တွင်လွန်စွာဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းသံကိုကြားရ၏။ ရာခေလသည်မိမိ၏ကလေးများအတွက် ငိုယို၍နေ၏။ ကလေးတို့သေကြပြီးဖြစ်၍သူ့အား နှစ်သိမ့်၍မရနိုင်'' ဟူသောပရောဖက်ယေရမိ၏စကားသည်မှန် ၍လာတော့၏။
ရှင်မဿဲ 2:1-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍ “ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။ ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် တုန်လှုပ်ချောက်ချားလေ၏။ ဂျေရုဆလင်တစ်မြို့လုံးသည်လည်း မင်းကြီးနှင့်အတူ တုန်လှုပ်ချောက်ချားကြ၏။ ထိုအခါ မင်းကြီးသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှကျမ်းပြုဆရာအပေါင်းတို့ကိုစုဝေးစေ၍ ခရစ်တော်သည် မည်သည့်အရပ်၌ဖွားမြင်မည်ကို သူတို့အား မေးမြန်းလေ၏။ သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။ ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့ကို တိတ်တဆိတ်ခေါ်၍ ကြယ်ပေါ်ထွန်းသည့်အချိန်ကာလကို သူတို့ထံမှ သေချာစွာလေ့လာစိစစ်ပြီးမှ “သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။ သူတို့သည် မင်းကြီး၏မိန့်မှာချက်ကိုနားထောင်ပြီးမှ ထွက်သွားကြရာ အရှေ့ပြည်၌ သူတို့တွေ့ခဲ့သောကြယ်သည် သူငယ်တော်ရှိသည့်နေရာပေါ်ရောက်၍ ရပ်သည့်တိုင်အောင် သူတို့ရှေ့မှသွားလေ၏။ သူတို့သည် ထိုကြယ်ကိုမြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။ ထို့နောက် ဟေရုဒ်မင်းကြီးထံသို့ ပြန်မသွားမည့်အကြောင်း အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသဖြင့် မိမိတို့တိုင်းပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။ ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။ ထိုအခါ ယောသပ်သည်ထ၍ ညအချိန်၌ပင် သူငယ်တော်နှင့်မယ်တော်တို့ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ခွာသွားပြီးလျှင် ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤသည်ကား “ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ထုတ်ခဲ့၏”ဟု ပရောဖက်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။ ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။