ရှင်မဿဲ 16:21-27
ရှင်မဿဲ 16:21-27 Judson Bible (JBMLE)
ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။- ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊- ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်း ဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူ၏။ ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။- လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။
ရှင်မဿဲ 16:21-27 Common Language Bible (BCL)
သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။ ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။ ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။ ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။- မိမိအသက်ကိုကယ်လိုသူသည်အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ၏အတွက်အသက်ဆုံးရှုံးရသူသည် အသက်ကိုရလိမ့်မည်။- လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။- လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။
ရှင်မဿဲ 16:21-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။ ထိုအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုကာ “သခင်ဘုရား၊ ဤအမှုသည် ကိုယ်တော်နှင့်လွဲပါစေ၊ ဖယ်ပါစေ။ ကိုယ်တော်၌ မည်သည့်အခါမျှ ဤသို့ဖြစ်မည်မဟုတ်”ဟု လျှောက်လေ၏။ သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။ အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။ လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။ အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။