ရှင်လုကာ 4:18-21
ရှင်လုကာ 4:18-21 Judson Bible (JBMLE)
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။- အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။
ရှင်လုကာ 4:18-21 Common Language Bible (BCL)
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်မိမိလူစုတော်အား ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။ ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။- ကိုယ်တော်က ``ဤကျမ်းစာပါအမှုအရာများ သည်သင်တို့ကြားနာရသည့်အတိုင်းယနေ့ အကောင်အထည်ပေါ်ပြီ'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 4:18-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကို ဟောပြောစေရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူပြီ”ဟူ၍ ဖြစ်၏။ ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။ ထိုအခါ ကိုယ်တော်က“ဤကျမ်းချက်သည် ယနေ့၌ပင် သင်တို့ကြားရသည့်အတိုင်း ပြည့်စုံလေပြီ”ဟု မိန့်တော်မူ၏။