YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:1-20

ရှင်လုကာ 4:1-20 Judson Bible (JBMLE)

ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ ယော်​ဒန်​မြစ်​နား​မှ ပြန်​စဉ်​တွင် ဝိ​ညာဉ်​တော်​သည် တော​သို့ ပို့​ဆောင်​တော်​မူ၏။- အ​ရက်​လေး​ဆယ်​ပတ်​လုံး မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ ထို​ကာ​လ​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​တော်​မ​မူ။ ထို​ကာ​လ​လွန်​ပြီး​မှ မွတ်​သိပ်​တော်​မူ၏။- မာရ်​နတ်​က​လည်း၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​ကို မုန့်​ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို မွေး​ရ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ၌​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်၏ အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- ကျမ်း​စာ​လာ​သည်​ကား၊ သင့်​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊- သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ဤ​အ​ထွတ်​မှ ကိုယ်​ကို အောက်​သို့ ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စ​ကား​ရှိ​သည်​ဟု ပြန်​ပြော​တော်​မူ၏။- ထို​သို့​မာရ်​နတ်​သည် စုံ​စမ်း​သွေး​ဆောင်​ခြင်း​အ​မှု အ​လုံး​စုံ​ကို အ​ကုန်​အ​စင်​ပြု​ပြီး​လျှင်၊ အ​ထံ​တော်​မှ ထွက်​သွား၍ ကာ​လ​အ​တန်​အ​ရာ နေ​လေ၏။ ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊- လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ၏။ ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။- ဇ​ရပ်​စောင့်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ပေး​သည်​ဖြစ်၍၊ ကျမ်း​စာ​ကို​ဖွင့်​တော်​မူ​လျှင် တွေ့​သော​အ​ချက်​စ​ကား ဟူ​မူ​ကား၊- ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ မင်္ဂ​လာ​နှစ်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။- ကျမ်း​စာ​ကို​လိပ်၍ ဇ​ရပ်​စောင့်​အား​ပေး​ပြီး​မှ ထိုင်​တော်​မူ၏။ ဇ​ရပ်၌​ရှိ​သော သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စေ့​စေ့​ကြည့်​လျက်​နေ​ကြ၏။

ရှင်လုကာ 4:1-20 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။- ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။ ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``လူ​သည်​အ​စား​အ​စာ​အား​ဖြင့် သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်​ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​၏'' ဟု​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။ ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊- ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။ မာရ်​နတ်​သည်​သ​ခင်​ယေ​ရှု​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​၍​သွား​ပြီး​လျှင် ဗိ​မာန်​တော်​ထိပ်​ဖျား​တွင် နေ​စေ​ပြီး​လျှင် ``ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​လျှင်​ဤ​နေ​ရာ​မှ​အောက်​သို့​ခုန်​ချ ပါ​လော့။- ကျမ်း​စာ​တော်​တွင် `သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တမန်​များ​အား အ​မိန့်​ပေး​တော်​မူ​မည်' ဟူ​၍​လည်း​ကောင်း၊- `သင်​၏​ခြေ​သည်​ကျောက်​နှင့်​မ​ထိ​ခိုက်​စေ​ခြင်း ငှာ ကောင်း​ကင်​တ​မန်​တို့​သည်​လက်​ဖြင့်​သင့်​ကို ပွေ့​ချီ​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ပါ​ရှိ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​စစ်​ဆေး​စမ်း​သပ်​မှု​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​တော် မူ​၏။ မာရ်​နတ်​သည်​ဤ​သို့​စုံ​စမ်း​သွေး​ဆောင်​မှု​အ​လုံး​စုံ ကို​ပြု​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ထံ​တော်​မှ ထွက်​ခွာ​၍​အ​ခါ​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​၏။ သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။- ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။ ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊- တ​ရား​ဇ​ရပ်​မှူး​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း ကို​ကိုယ်​တော်​အား​လှမ်း​၍​ပေး​၏။ ကိုယ်​တော်​သည် ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍၊ ``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရာ​ကာ​လ​ရောက်​လာ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြေ​ညာ​ရန်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏'' ဟူ​သော​ကျမ်း​ပိုဒ်​ကို​ဖတ်​တော်​မူ​၏။ ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။

ရှင်လုကာ 4:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ ထို​ကာလ​အတွင်း​၌ မည်သည့်​အစာ​ကို​မျှ မ​သုံးဆောင်​ဘဲ​နေ​တော်မူ​သဖြင့် ထို​နေ့ရက်​များ​ကုန်လွန်​သောအခါ ဆာလောင်​တော်မူ​၏။ ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ “ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။ သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍ မိန့်​တော်မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ မာရ်နတ်​သည် ဖြားယောင်း​သွေးဆောင်​ခြင်း​အားလုံး​တို့​ကို​ပြု​ပြီးနောက် အခါအခွင့်​ရောက်​သည်​အထိ ကိုယ်တော်​ထံမှ ဆုတ်ခွာ​သွား​လေ​၏။ ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊ ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ”​ဟူ၍ ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။