ရှင်လုကာ 24:1-53
ရှင်လုကာ 24:1-53 Judson Bible (JBMLE)
ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။- ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လှန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊- သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။- ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။- ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊- ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊- သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တစ်ကျိပ်တစ်ပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။- သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။- သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။ ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊- ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။- ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊- သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။- ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊- အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊- ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။- ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊- ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။- စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊- သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။- တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသောသူတို့သည် အပေါင်းအဖော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။- စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊- ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သော အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ ပြန်ကြားကြ၏။ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။- တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ် ရှိကြသနည်း။- ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊- လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊- ငါးကင်တစ်ပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။- ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊- ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။- ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။- သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။- ငါ့ခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။- ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။
ရှင်လုကာ 24:1-53 Common Language Bible (BCL)
တနင်္ဂနွေနေ့မိုးလင်းစအချိန်၌ထိုအမျိုး သမီးတို့သည် မိမိတို့အသင့်ပြင်ဆင်ထားသော နံ့သာပေါင်းကိုယူ၍ အခြားသူများနှင့်အတူ သင်္ချိုင်းတော်သို့သွားကြ၏။- သင်္ချိုင်းဂူဝကကျောက်တုံးကိုလှိမ့်ဖယ်ထား သည်ကိုတွေ့သဖြင့်၊- ဂူထဲသို့ဝင်ကြ၏။ သို့ရာတွင်အလောင်းတော် ကိုမတွေ့ရကြ။- ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။- အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။- ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊- `လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။ ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊- သင်္ချိုင်းတော်မှမိမိတို့အိမ်သို့ပြန်ပြီးလျှင်တစ် ကျိပ်တစ်ပါးနှင့်တပည့်တော်အပေါင်းတို့အား ထိုအကြောင်းအရာအလုံးစုံကိုပြောကြား ကြ၏။- တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။- သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။- သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။ ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။- ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။- ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။- သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။- ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။- သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။ ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။- ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။- ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။- ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။- သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။- ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။ ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊- မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။- ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။ ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။- သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။- စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။- ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။- သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။- စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။ ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။ ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။ သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။- ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။- သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။ ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။- သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။- သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။ ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။ ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။- ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။- နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။- သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။- ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။- ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။- တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။- ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။
ရှင်လုကာ 24:1-53 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်စအချိန်၌ သူတို့သည် မိမိတို့ပြင်ဆင်ထားသောအမွှေးနံ့သာကိုယူဆောင်၍ သင်္ချိုင်းတော်သို့သွားကြရာ ကျောက်တုံးကို သင်္ချိုင်းဂူမှ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။ အတွင်းသို့ဝင်ကြသောအခါ သခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြချေ။ သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။ အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။ ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။ ကိုယ်တော်က ‘လူ့သားသည် အပြစ်သားတို့၏လက်သို့အပ်နှံခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်’ဟူ၍ မိန့်တော်မူခဲ့သည်မဟုတ်လော”ဟု မြွက်ဆိုကြ၏။ ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍ သင်္ချိုင်းတော်မှ ပြန်သွားပြီးလျှင် တစ်ဆယ့်တစ်ပါးသောတပည့်တော်နှင့် အခြားသောသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။ တမန်တော်တို့အား ဤအကြောင်းအရာများကိုပြောပြသောသူတို့မှာ မာဂဒလမြို့သူမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူမာရိမှစ၍ သူတို့နှင့်အတူရှိသော အခြားအမျိုးသမီးများဖြစ်ကြ၏။ သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။ သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။ ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။ ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။ သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။ ကိုယ်တော်ကလည်း“သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။ ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။ ကိုယ်တော်ကလည်း“မည်သည့်အရာများနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။ ထိုအရှင်သည် အစ္စရေးလူမျိုးကို ရွေးနုတ်ကယ်တင်မည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့်ထားကြ၏။ ထိုမျှမက ဤအမှုအရာများဖြစ်ပျက်ခဲ့ပြီးနောက် ယခုသုံးရက်မြောက်ဖြစ်သောအခါ ငါတို့ထဲမှ အမျိုးသမီးအချို့တို့သည် ငါတို့ကိုအံ့ဩငေးမောစေကြ၏။ သူတို့သည် နံနက်စောစောသင်္ချိုင်းသို့သွားကြရာ ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။ ငါတို့ထဲမှ လူအချို့တို့သည် သင်္ချိုင်းသို့သွားကြရာ အမျိုးသမီးများပြောခဲ့သည့်အတိုင်းဖြစ်ပြီး ထိုအရှင်ကိုမတွေ့ခဲ့ကြပါ”ဟု ဆိုကြ၏။ ထိုအခါ ကိုယ်တော်က“အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှတို့ကိုယုံကြည်ရန် စိတ်နှလုံးထိုင်းမှိုင်းသောသူတို့၊ ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။ သူတို့သွားနေသည့်ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ရှိသဖြင့် သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။ သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။ ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။ သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။ ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။ ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။ ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက်“သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ သို့သော် သူတို့သည် တစ္ဆေကိုမြင်နေကြသည်ဟုထင်မှတ်၍ ထိတ်လန့်ကြောက်ရွံ့ကြ၏။ ကိုယ်တော်ကလည်း“အဘယ်ကြောင့်တုန်လှုပ်ချောက်ချားကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ သံသယဖြစ်ကြသနည်း။ ငါ့လက်နှင့်ငါ့ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုတို့ထိစမ်းသပ်၍ ကြည့်ရှုကြလော့။ အကြောင်းမူကား တစ္ဆေ၌ အရိုး၊ အသားမရှိ။ ငါ၌မူကား သင်တို့မြင်ရသည့်အတိုင်း အရိုး၊ အသားရှိ၏”ဟု မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။ သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က“ဤနေရာတွင် စားစရာတစ်စုံတစ်ခုရှိသလော”ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြရာ ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။ တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင် သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကျမ်းစာ၌ရေးထားသည်ကား ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သုံးရက်မြောက်သောနေ့၌ သေသောသူတို့ထဲမှ ထမြောက်ရမည်။ ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။ သင်တို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ငါသည် ငါ့ခမည်းတော်၏ကတိတော်ကို သင်တို့ထံသို့စေလွှတ်မည်။ သို့သော် သင်တို့သည် အထက်ကောင်းကင်မှတန်ခိုးဖြင့် လွှမ်းခြုံခြင်းခံရသည်အထိ ဂျေရုဆလင်မြို့၌ နေကြဦးလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။ ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။ သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ ဗိမာန်တော်၌ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။